Mt. Emei ဟာ Sichuan Province က Chengdu နဲ့ ကီလိုမီတာ ၁၅၀အကွာ၊ Leshan city မှာတည်ရှိပါတယ်။ အဲ့ဒီခရီးဟာဖြင့် ကျိုက်ထီးရိုးဘုရားဖူးသွားရသလိုပါပဲ။ အမြင့် ၃၀၉၉ မီတာရှိပါတယ်။ ၁ရာစုနှစ်များမှာ ပထမဆုံး ဘုန်းကြီးကျောင်းကို စတင် တည်ဆောက်ခဲ့ပါသတဲ့။ ၁၉၉၆ မှာworld natural and cultural heritage အဖြစ်UNESCO က အသိအမှတ်ပြုခဲ့ပါတယ်။
Mt. Emei တောင်ကိုရောက်ဖို့ ဂိတ် ၂ဂိတ်ဖြတ်ရပါတယ်။ ပထမဂိတ်မှာ ကိုယ်စီးလာတဲ့ကားကို ထားခဲ့၊ လက်မှတ်ဝယ်ပြီး သူတို့စီစဉ်ထားတဲ့ မီနီဘတ်စ်နဲ့ ခရီးဆက်ရပါတယ်။ ၁နာရီနီးပါးလောက်စီးရပါတယ်။ လမ်းမှာ ဆိုင်အနည်းငယ်ကလွဲလို့ လူသူနည်းပါးပါတယ်။ အိမ်အနည်းငယ် တွေ့ပေမဲ့ လူနေတဲ့ လက္ခဏာမရှိပါဘူး။ လမ်းခရီးက အတက်အဆင်းအနည်းငယ်ပဲရှိပါတယ်။ တောင်တွေကြားထဲက ကွေ့ပတ်ပြီး လမ်းဖောက်ထားတာပါ။
ဒုတိယဂိတ်ကို ဖြတ်ပြီးတဲ့အချိန်မှာတော့ လူနေအိမ်ခြေလုံးဝမတွေ့ရတော့ပါဘူး။ ဒီတခါလဲ ၁နာရီနီးပါးလောက် စီးရပါတယ်။ မန္တလေး-မေမြို့ ကားလမ်းလိုပါပဲ။ ကွေ့ကာ ၀ိုက်ကာနဲ့ မြွေလိမ်မြွေကောက် တက်သွားတာပါ။ ကွေ့ပတ်တက်ရပေမဲ့ လမ်းကကောင်း၊ ကားကကောင်းဆိုတော့ သက်တောင့်သက်သာပါပဲ။ တရုတ်ကားဆိုပေမဲ့ တောင်တက်ခရီးကို ငယ်သံပါအောင် အော်တက်နေရတာ မဟုတ်ပါဘူး။ ချီးကျူးစရာပါ။ တချို့ကတော့ ခရီးစဉ်တခုလုံးကို တောင်စဉ်အထပ်ထပ်ကျော်ပြီး ခြေကျင်ချီတက်ကြတယ်လို့ ပြောပါတယ်။ ၃ရက်လောက် ကြာပါသတဲ့။ တယ်အပင်ပန်းခံသကိုး။
တနေရာရောက်တော့ ကားပေါ်ကဆင်း၊ ခြေကျင်ယွန်းရတော့တာပါပဲ။ သဘာဝပတ်ဝန်းကျင်က သာယာလွန်းတော့ တက်ရတာ မောတယ်လို့တောင် မထင်ရသေးခင် နောက်တဆင့်နေရာကို ရောက်သွားတာပါပဲ။ ဒီတခါတော့ ကေဘယ်လ်ကားစီးရတော့မှာပါ။ ကေဘယ်လ်ကားက လူ၁၀၀လောက်ဆန့်တဲ့ အမျိုးအစားနဲ့ သာမာန်လူနဲနဲပဲဆန့်တဲ့ အမျိုးအစား ၂ခုရှိပါတယ်။ ကလူသစ်က အကောင်ကြီးကြီးကို စီးခဲ့ရတာပါ။ အသွားအပြန် ၂စီးနဲ့ဆွဲပေးနေပြီး တကြောင်းကို ၄ မိနစ်လောက်ကြာပါတယ်။ တန်းစီစောင့်ရတာက မိနစ်၄၀လောက်ကြာပါတယ်။
ကေဘယ်လ်ကားပေါ်ကဆင်းပြီး နောက်တဆင့် ခြေကျင်တလှည့် ၊ ကုန်းကြောင်းတလှည့် တက်ရပါသေးတယ်။ အထမ်းနဲ့လဲ တက်လို့ရပါတယ်။ အတက်ကို ဘယ်လောက်ပေးရမှန်း မသိပေမဲ့ အဆင်းကိုတော့ ယွမ်၂၀ပဲတောင်းပါတယ်။ စလုံး ၄ဒေါ်လာလောက်ပေါ့။ စီးကြည့်ချင်ပေမဲ့ ထမ်းတဲ့သူတွေက အသက်ကြီးကြီးတွေဖြစ်နေတာရယ်၊ ကိုယ်ကလဲ ဟိုနားရပ် ဒီနားရပ် ငေးမောချင်တာရယ်ကြောင့် မစီးခဲ့ရပါဘူး။ ဘုရားဖူးသက်ကြီးရွယ်အိုတွေအတွက်ကတော့ အဆင်ပြေပါတယ်။
သိတ်မကြာပါဘူး။ ဟိုကြည့် ဒီငေးနဲ့ တက်လာလိုက်တာ “ဘွား”ကနဲဆို ဗုဒ္ဓရုပ်ပွားတော်ကြီးမျက်စိရှေ့ ပေါ်လာတော့ ကျိုက်ထီးရိုးတောင်ပေါ် မောမောနဲ့တက်ရင်း ကျိုက်ထီးရိုးစေတီနဲ့ ရင်ပြင်ကို တွေ့လိုက်ရတဲ့အခါ ပင်ပန်းလာသမျှ ပိန်းကြာဖက်ပေါ် ရေမတင်၊ ပျောက်သွားသလိုမျိုး ခံစားရတာပါပဲ။
အမောပြေသွားတာနဲ့ ဘုရားပြေး၊ ဦးချကန်တော့လားဆိုတော့.........မဟုတ်ကြောင်းပါ။ အဝေးကနေ တဖျတ်ဖျတ်နဲ့ ဘုရားကို ဓာတ်ပုံရိုက်ရတာနဲ့၊ ကိုယ့်ဘာသာ ပဲပေးရင်း ဓာတ်ပုံရိုက်ရတာနဲ့ကို ဘုရားရှိခိုးဖို့ကိစ္စ ယာယီရွေ့ဆိုင်းထားရတာပါပဲ။ ဆင်ရုပ်ကြီးတွေအောက်မှာ ဟောခန်းတခုရှိပါသေးတယ်။ အဲ့ဒီထဲမှာ မတ်ရပ်ရုပ်ပွားတော်တဆူ ရှိပါတယ်။ အရမ်း “အရမ်း”ကို သပ္ပါယ်ပါတယ်။ ဓာတ်ပုံမရိုက်ဖို့ တားမြစ်ထားပါတယ်။ လက်ရာက တရုတ်လက်ရာ လုံးဝမနွယ်ပါဘူး။ ဥပမာ- မြန်မာပြည်မှာ ပြသွားဖူးတဲ့ “အနောက်သို့ ခရီးသွားခြင်း” ဇာတ်လမ်းထဲမှာပါတဲ့ ဘုန်းကြီးပုံစံမျိုးမဟုတ်ပါဘူး။ ခုလက်ရာက မြန်မာပြည်အနှံ့ ဘုရားစေတီတကာမှာ တွေ့နေကြ ဗုဒ္ဓဘုရားမျက်နှာတော်မျိုးပါ။ ရှေးဟောင်းလက်ရာမို့လို့ အကွန့်အညွန့်တွေ သိတ်မပါသေးတာလား မသိပါဘူး။
အားရအောင် ဘုရားကြည်ညိုပြီးတော့ ပတ်ဝန်းကျင်လေ့လာရေးထွက်ပါတယ်။ ပတ်ဝန်းကျင်တောင်တွေထဲမှာ အမြင့်ဆုံးဖြစ်တာရယ်၊ မြူနှင်းတွေဝေ့ဆိုင်းနေတာရယ်ကြောင့် ဘယ်နေရာကြည့်လိုက် ကြည့်လိုက် သာယာလှပအေးချမ်းနေတာပါပဲ။ ရှုခင်းအလှက ဓာတ်ပုံနဲ့ပြလို့လဲ မပြည့်စုံ၊ စာရေးပြလို့လဲ လုံလောက်မယ် မထင်ပါဘူး။ ကိုယ်ညံ့တာကို ၀န်မခံချင်တာလဲပါသပေါ့။
ဒီတောင်ရဲ့ရှုခင်းက ဆောင်းဆိုလဲဆောင်းမို့လို့၊ နွေဆိုလဲ နွေမို့လို့ ရာသီအလိုက်ကို အမှန်တကယ်နာမည်ကြီးပါတယ်။ အကယ်၍များ သွားခွင့်ကြုံမယ်ဆိုရင် မဖြစ်မနေသွားဖို့ တိုက်တွန်းပရစေ။
အထူးခြားဆုံးကတော့ ဘုရားရင်ပြင်တ၀ိုက် လှေခါးလက်ရန်းတွေမှာ တွေ့ရတဲ့ သော့ခလောက်တွေပါပဲ။ ပုံစံဒီဇိုင်းအစုံပါပဲ။ ခန့်မှန်းခြေ သောင်းဂဏန်းလောက်ရှိမယ်ထင်ပါတယ်။ ဘာရည်ရွယ်ချက်နဲ့ ဒီလိုလာထားကြသလဲဆိုတာတော့ မေးမကြည့်မိခဲ့ပါဘူး။ ကိုယ့်တိုးဂိုက်ကလဲ ဘိုလို ဟိုတစ ဒီတစလောက်ပဲ ပြောတတ်တာဆိုတော့ ကိုယ့်ဒုက္ခ ကိုယ်မရှာတော့ပါဘူး။
ရင်ပြင်ပေါ်မှာ သိတ်များများစားစား ကြည့်စရာမရှိပါဘူး။ ဘုရားဖူးဖို့နဲ့ ရှုခင်းကြည့်ဖို့လောက်ပဲ ရှိပါတယ်။ တောင်စောင်းနားက ကျောက်တုံးတခုခုပေါ်ထိုင်ပြီး အဝေးက ရှုခင်းတွေကို အေးအေးဆေးဆေးခံစားလိုက်ရရင် အလွမ်းဘုရင်JD လိုမျိုးလူဆိုရင် မျက်ရည်တွေ ရေတံခွန်လို တဟောဟော ကျလာလောက်တဲ့ နေရာမျိုးပါ။ ကလူသစ်ကတော့ အဆင်ပြေရင် နောက်တခေါက်လောက်သွားအုန်းမယ်လို့ စိတ်ကူးထားတာပါပဲ။











23 မှတ်ချက်:
သွားချင်စရာကောင်းလိုက်တာ ကလူသစ်ရေ။ ပုံတွေ ထပ်ကြည့်ချင်သေးတယ်ဗျာ။
ကလူသစ် ခရီးသွားနေတာကိုး။
ဒီရာသီက ကျိုက်ထီးရိုးဘုရားဖူးရာသီဆိုတော့ ကျိုက်ထီးရိုး အလွမ်းပြေပေါ့နော်။ ရောက်ဖူးချင်ပါဘိရှင်။
ရှုခင်းတွေလည်း လှပါတယ်၊ ဘုရားကြီးလည်း သပ္ပါယ်ပါတယ်၊ ဓာတ်ပုံဆရာလည်း တော်ပါတယ်။
အဲဒီလို သော့ခလောက်တွေမျိုး တရုတ်ကားထဲလား ကိုရီးယားကားထဲလား မြင်ဖူးသလိုပဲ။ သေချာတော့ မမှတ်မိတော့ဘူး။
ဒါနဲ့ .. ကလူသစ်သာ အထမ်းစီးရင် မင်းတြားကြီး ကြွလာသလို နေမှာပဲနော်။ :P
ကျိုက်ထီးရိုးလဲ ကေဘယ်လေးဆင်သင့်ပါတယ် တောင်တောတွေကို အတင်းလမ်းတွေဖောက်တော့ ပတ်ဝန်းကျင်လဲပျက် လမ်းမကောင်းတော့ ခဏခဏ ကားတွေမှောက်နဲ့ အမှန်က ကျိုက်ထီးရိုး မှာ တောင်တက်ဖို့အတွက်သာ လုပ်သင့်တယ် အသက်အရွယ်ကြီးရင့်သူတွေ မသန်မစွမ်းအတွက် ကေဘယ်ကြိုးရထားဆောက်ပေးပေါ့ဗျာ အခြေအနေပေးရင် ကလူသစ်ညွှန်းလို့ သွားကြည့်ခြင်သေးတယ်
သာယာလိုက်တာဗျာ..ရောက်အောင်တော့သွားအုန်းမယ်
ကလူသစ်ကြီး....
နေရာလေးက လှလိုက်တာ.. ဒါနဲ့ ဓါတ်ပုံတွေဘာတွေရိုက်ရင် ကင်မရာအခွန်ဆောင်ရလား..
နောက်တခါသွားရင် ကျွန်တော်လည်းလိုက်ချင်ပါတယ် သွားစားရိတ်လာစရိတ်လေးပဲ ဒေါ်လာ ငါးထောင်နိုင်နိုင် တစ်သောင်းနိုင်နိုင်ကူညီလေ အဲဒါမှပဲ လိုက်ဖြစ်မှာ.. ဟီးဟီး.. မေ့လို့ ..နှစ်သစ်မှာ တစ်မိသားစုလုံး ပျော်ရွှင်နိုင်ပါစေခင်ဗျာ
သော့ဂလောက်က ချစ်သူစုံတွဲ(သို့)ဇနီးမောင်နှံ နှစ်ဦးအတူ လာရောက်ခတ်ထားပါက ရာသက်ပန် ရိုးကျမြေကျ ပေါင်းရမယ်လို့ ယုံကြည်မှုနှင့် ခတ်ထားခြင်းဖြစ်တယ်လို့ ကျနော်ဖတ်ဖူးပါတယ် ဒါပေမယ့် ကျနော်က သိပ်တော် သိပ်သိလွန်းတော့ ဘယ်မှာ ဖတ်လိုက်ရမှန်း မသိလို့ ယုံခြင်ယုံ မယုံခြင်လဲ မယုံပါနှင့်ဗျာ...
ကျေးဇူးပါဘဲ (ဆရာလုပ်လိုက်ရရင် အရမ်းကိုကျေနပ် လွန်းလို့ပါ ဟီး)
နှစ်သစ်မှာ ပျော်ရွှင်ပါစေ ကိုလူသစ်ကြီး။
ကိုလူသစ်ရေ ဘလော့ဂ်မှတဆင့် ဘုရားဖူးရလို့ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။ မိသားစုလိုက် ဘုရားဖူးသွားတာလား တော်တော် ပျော်စရာ ကောင်းမှာပဲနော့်။
ဗျို့ကလူသစ်
သွားလှချည်လားဗျစိနတိုင်းကို၊ဟိုမှာပဲအခြေချတော့မယ်လို့များစဉ်းစားနေလားဗျ၊နောက်တခါသွားရင်ကိုကျည်ပွေ့ကို
ခေါ်သွားပေးပါဗျာ၊သူ့အတွက်ကျနော်ဒေါ်လာတစ်သောင်း
ပေးလိုက်ပါ့မယ်။
2010မှာလိုချင်တာအားလုံးပြည့်စုံပါစေဗျာ။
မှတ်ချက်**ကိုသစ်ရေဦးကျည်ပွေ့အတွက်ပေးမဲ့ဒေါ်လာတွေကိုဘယ်ဘာဏ်ကနေလွှဲပေးရမှာလဲပြောပေးဦးနော်၊ဒေါ်လာကတော့ဇင်ဘာဘွေဒေါ်လာတွေပေါ့..ဟီး..ဟီး
ခင်မင်စွာဖြင့်
မြစ်ဆုံ။
စိတ်ဝင်စားစရာတွေကြည့်ပါပဲ - စိတ်အပမ်းပြေပါတယ်
ကိုလူသစ်ရေ
ကွန်မန့်တွေကဘယ်လိုဖြစ်ပါလိမ့်။
ဦးကျည်ပွေ့ကိုနောက်တခါသွားရင်ခေါ်သွားပေးပါဗျာ
သူ့အတွက်ကျနော်ဒေါ်လာတစ်သောင်းပေးလိုက်ပါ့မယ်၊
ဘာဏ်စာရင်းသာပေးလိုက်ပါ၊လွှဲပေးလိုက်ပါ့မယ်၊
ဒေါ်လာကတော့ဇင်ဘာတွေဒေါ်လာပေါ့..ဟီး...ဟီး..။
မြစ်ဆုံ
Taungoo.... ပုံတွေကရှိသေးတယ်။ တုန်ခြင်း မှုန်ခြင်း သည်းခံနိုင်ရင်တော့ တင်ပေးအုန်းမှာ ခွိခွိ
မေဒါဝိန်....အထမ်းကြီးစီးလို့ စိနမင်းတြားကြီးဖြစ်မယ်ဆိုရင်တော့ ငယ်ကျွန်ကြီးကို လှမ်းခေါ်ပြီး ခပ်စပ်စပ်လေး ရိုက်အုန်းမယ် စိတ်ကူးတာပဲ
Myo Win Zaw.... ကျိုက်ထီးရိုးကို ကေဘယ်လ်ဆင်တာတော့ ဟုတ်ပါပြီ။ မီးပြတ်လို့ လမ်းတ၀က်မှာ ရပ်နေရင် ဘယ်လိုလုပ်မလဲဗျ။
mg kyi poae.... ဇင်ဘာဘွေဒေါ်လာတဲ့။ ဘဏ့်အကောင့်နံပါတ်သာ အကြောင်းကြားလိုက်တော့
အန်ကယ်ကျောက်တို့လို တောထဲတောင်ထဲ သွားနေကျလူတွေ သဘောကျလောက်တယ်ဗျ။ သွားဖြစ်အောင်သွား
Moe Moe.....ကိုယ်မှမသိတာ ယုံရတော့မှာပေါ့လေ။ ဆရာရှာနေတာနဲ့ အတော်ပဲ။ ပါတိတ်နဲ့ကန်တော့မယ်နော်။ ရာထူးတက်အောင်လုပ်ပေး
ကိုပျူ..... မင်လာပါဗျာ။
Nge Naing....ခရီးထွက်နေရရင်ကို စိတ်ချမ်းသာနေတာပါပဲဗျာ
ကိုမြစ်ဆုံ...ကော်မန့်ဘာဖြစ်လို့လဲ။ ကလူသစ်တော့ အကုန်မြင်နေရတာပဲဗျ
La Thaw...ပတ်ဝန်းကျင်ကကို စိတ်ချမ်းသာစရာဗျ
ကြေးဂျုး တင်ပါတယ်ဂျာ
လာလယ်တာကို ဟီး
ကလူသစ်ခရီးထွက်တာ သမီးခေါ်မသွားဘူးလား။ ပဲပေးပြီး ဓါတ်ပုံရိုက်တယ်ပြောပြီး ကိုယ့်ဓါတ်ပုံကိုယ်ကျမတင် ဘူးလား။
ကလူသစ်ရေ..
အရင်မကြာခဏရောက်ပါတယ် (ပုံထဲက ဘုရားကိုမဟုတ်) ကလူသစ် ဘလော့ကို..
နောက်တော့ အဆက်အသွယ်ပြတ်နေတယ်.. မရောက်ဖြစ်တာ ကြာနေပြီ.. လင့်ပြန်ချိတ်ထားရဦးမယ်..
ပုံတွေကြည့်ပြီး အဲ့ဒီတောင်ပေါ်ကို ရောက်ဖူးချင်လိုက်တာ.. တကယ်သာယာ အေးချမ်းတဲ့ နေရာလေးပါပဲနော်..
နှစ်သစ်မှာ မင်္ဂလာအပေါင်း နဲ့ ပြည့်စုံပါစေနော်..
Hap Hap Happy Newww Yearrr..!!!
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကလူသစ်ရေ ဓာတ်ပုံတွေက လှလိုက်တာ မြူခိုးတွေဝေ့နေတဲ့ တောင်တန်းတွေပုံကို ဘန်နာလုပ်ချင်လိုက်တာ.. ပေးမလားဟင်..
ကောင်းသောနှစ်သစ်မှာ ကလူသစ်တို့ မိသားစုလေး ပျော်ရွှင်အေးချမ်းပါစေ..
YMT, မေ့သမီး၊ ကိုရင်နော်ခင်လေးငယ်
Happy New Year !!!!!!!!!!!
ကျမ်းမာပျော်ရွှင်နိုင်ကြပါစေ
မမပန် ........လိုရာသုံး
ခရီးသွားရတာဝါသနာပါပေမယ့် ဘယ်ခရီးမမထွက်ဖူးဘူး
ကောင်းရော..ဆယ်တန်းအောင်ပြီးကတည်းက အချိန်လွတ်ကိုမရဘူး..စိတ်ပျက်ပါ့
ခုတော့ အစ်ကိုတင်ထားတဲ့ပုံလေးတွေကြည့်ပြီး စိတ်ကြည့်နူးရတယ်..အစ်ကိုက ကံကောင်းပါတယ်ဗျာ
စိတ်မပျက်ပါနဲ့ ပြန်ရောက်ရင် မြန်မာပြည်တလွှားတော့ ခရီးထွက်ရလိမ့်မယ်ထင်တာပဲ
ခရီးသွားစာပေထွန်းကားရေး ခရီးတွေများများထွက်ပေး။
Happy New Year! ko lu thit.
Mie mie lay ko yaw..happy new year...
Nice tourism post.
Post a Comment