ဟိုတွေး ဒီတွေး

Dec 6, 2009

အွန်လိုင်းထက် အော့လိုင်းများနေတာနဲ့ “ဟိုရောက်ဒီရောက်”တောင် ဘယ်နားရောက်နေမှန်းမသိတော့ဘူး။ အချိန်ရမှ ဆက်တော့မယ်ဗျာ။ ဒီကြားထဲ ကျောင်းသူလေးသတင်း မှီသလောက်လေး အပြေးအလွှားဖတ်ပြီး စိတ်မကောင်းဖြစ်ရသေး။ ဆေးကုသခွင့် အပိတ်ခံရတဲ့ ဆရာဝန်ကြီးတွေ အတွက်ကတော့ ၀မ်းနည်းရမှာလား၊ ၀မ်းသာရမှာလား မိသိန်းကြည် ဖြစ်မိသဗျ။

တိုက်ဆိုင်လို့ ကိုယ်တွေ့တခု ပြန်စဉ်းစားမိသေးတယ်။ ခုခေတ်လို ပုဂ္ဂလိကဆေးရုံတွေ သိတ်ခေတ်မထခင်တုန်းကပေါ့။ ပုဂ္ဂလိကဆေးရုံတွေရဲ့ ရှေ့ပြေးအကြိုလို့ပြောလို့ရတဲ့ ဆေးခန်းတပိုင်းဆေးရုံတွေ ထွန်းကားခဲ့ဘူးတယ်။ အဲ့ဒီဆေးခန်းတွေမှာ တော်ရုံတန်ရုံလူနာလောက်ကို ဆေးခန်းနဲ့တွဲထားတဲ့ အဆောင်မှာ တင်ပြီး လက်ခံကုသပေးတယ်။ ခွဲစိတ်ခန်း သေသေချာချာလုပ်ထားတယ်။ တော်ရုံတန်ရုံ အသေးစားခွဲစိတ်မှုတွေ လုပ်ပေးနိုင်တယ်။ အဲ့ဒီကာလတုန်းက ကိုယ်တိုင်လူနာအဖြစ်ရောက်သွားခဲ့တုန်းက ကြုံခဲ့တာပါ။

တမနက် လင်းအားကြီးချိန်၊ ကလူသစ်အလောင်းအလျာ သူတော်ကောင်း အကောင်းစားလေး ဗိုက်ထဲကနေ တရစ်ရစ်နဲ့ အောင့်ပါရောလား။ ရေအိမ်သွားချင်လို့ မဟုတ်မှန်းတော့ ဆရာဝန်မဟုတ်ပေမဲ့ သိပါသေးတယ်။ အာနိုးရုပ်ရှင်လဲ မကြည့်ဘူးတော့ ကိုယ်လေးလက်ဝန်ဖြစ်နေတယ်လို့လဲ မထင်မိပါဘူး။ ဆေးခန်းဖွင့်ချိန်မဟုတ်သေးတော့ တတ်နိုင်သလောက် အောင့်အီးသည်းခံပါသေးတယ်။ နောက်ဆုံးသည်းမခံနိုင်တော့ အခုနပြောတဲ့ ဆေးခန်းတပိုင်းဆေးရုံကိုပဲ ပြေးရတော့သပေါ့။ ဈေးကြီးမယ်မှန်းသိပေမဲ့ တတ်နိုင်ဘူးလေ။ ဆေးခန်းနာမည်တော့ နှစ်တွေကြာပြီဆိုတော့ မေ့နေပြီ။ နာမည် ၄လုံးနဲ့ပဲ။ တိတိကျကျ မမှတ်မိလို့ မရေးတော့ပါဘူး။ ရန်ကုန်တိုင်း နေရာတော်တော်များများမှာ ဆေးခန်းခွဲတွေရှိတယ်။

တာဝန်ကျဆရာဝန်က အူအတက်ရောင်တာပါတဲ့။ မှန်ပါတယ်ကွယ် တမှတ်။ အဲ့ဒီ အူအတက်က ကလူသစ်နဲ့ ခဏခဏပြဿနာတက်နေကျ။ ဒီလိုပဲ အောင့်လိုက်၊ ဒီလိုပဲ ဆေးခန်းသွားလိုက်၊ ဒီလိုပဲ ဆေးနဲနဲလောက် သောက်ပြီးရင် ပျောက်လိုက်နဲ့ ဖြစ်နေကျ။ ဆိုတော့ကာ ထုံးစံအတိုင်း ဆေးယူ၊ အိမ်ပြန်၊ အဲ့ဒလိုဖြစ်ရမှာ မဟုတ်လား။

.......... မဟုတ်ဘူး။

ဆရာဝန်ပြပြီးလို့ ဆေးယူတဲ့ကိစ္စမလာခင်မှာ ဆေးခန်းက၀န်ထမ်းတယောက် (သူနာပြုဝတ်စုံနဲ့ထင်ပါရဲ့)က လာပြီး မိတ်ဆက်ပါတော့တယ်။ ကလူသစ် လူချော လူခန့် လူယဉ်ကျေးလေးမို့ လာမိတ်ဆက်တယ် မထင်ပါနဲ့။ အရောင်းသမားတွေကြား ခေတ်စားနေတဲ့ hard selling လို့ခေါ်ခေါ်၊ high pressure selling လို့ပြောပြော၊ ပြောလို့ရတဲ့ techniques ကိုလာ မိတ်ဆက်ပေးတာပါ။ ပြည်ပမရောက်ခင် ပြည်တွင်းမှာကထဲက အတွေ့အကြုံရခဲ့တာပေါ့ဗျာ။ သူက “အူအတက်ကို ခွဲထုတ်ရတာ ဘယ်လောက်လွယ်ကူတဲ့အကြောင်း၊ ဘယ်လောက်မြန်ဆန်တဲ့အကြောင်း၊ ဘယ်ခွဲစိတ်ကုဆရာဝန်ကြီးကဖြင့် ဘယ်လိုတော်ကြောင်း၊ ဘယ်မေ့ဆေးဆရာဝန်ကဖြင့် ပြည်ပကိုထွက်တော့မှာဖြစ်ကြောင်း၊ ကလူသစ်ကို ခွဲစိတ်ကုသဖို့ လေယာဉ်လက်မှတ်ကို ဆိုင်းထားပြီး စောင့်နေတာဖြစ်ကြောင်း၊....” အစရှိသည် အစရှိသည်တို့ကို ဘေးနားကလာပြီး တဖွတ်ဖွတ်နဲ့ မြင်းအီးပေါက်သလိုလာပြောပြီး ဆွဲဆောင်တာပေါ့ခင်ဗျ။

အူအတက်ကိစ္စက လွယ်တယ်၊ မြန်တယ်ဆိုတာ ကလူသစ်အစကထဲက သိပြီးသားပါ။ လူက နာကလဲနာ၊ နားကလဲငြီး၊ အရင်တုန်းကလဲ ခဏခဏ နာတတ်လေတော့ မထူးပါဘူးလို့တွေးပြီး ခွဲမယ်လို့ သဘောတူလိုက်ပါလေရော။ ဆေးခန်းဝန်ထမ်းခမျာ လှစ်ကနဲ၊ လှစ်ကနဲ လှုပ်ရှားလိုက်တာ။ ခေါင်းလိုက်လည်ပြီး ကြည့်ဖို့နေနေသာသာ၊ မျက်စိနဲ့တောင် မနဲမှီအောင်လိုက်ကြည့်ရတယ်။ ခွဲစိတ်ခန်းတွေ၊ ခွဲစိတ်ကု ဆရာဝန်တွေ အဆင်သင့်စောင့်နေသလိုလို၊ ကလူသစ်ဆီက သဘောတူချက်ကိုပဲ ငုတ်တုတ်ထိုင်စောင့်နေကြသလိုလို။ အိမ်ကလူတွေ ရောက်အလာကိုတောင် မစောင့်နိုင်ဘူး။ “လိုက်ပို့တဲ့ သူငယ်ချင်းကိုပဲ လက်မှတ်ထိုးခိုင်းလိုက်မယ်နော်” ဆိုပြီး လုပ်ချလိုက်တာပဲ။ လူကိုလဲ တခါထဲ အ၀တ်အစားလဲ၊ ရှင်းစရာရှိတာ ရှင်း၊ မေးစရာရှိတာ မေးနဲ့။ ဘာမှန်းတောင် သေချာမသိလိုက်ရခင် ကုတင်တလုံးပေါ်မှာ၊ ခွဲစိတ်ခန်းဝင်ဝတ်စုံနဲ့ ပက်လက်လေး ကျန်ခဲ့တော့တာပဲ။

ဇာတ်လမ်းက အဲ့ဒီမှာ ပြီးသွားတာပဲ။ ပက်လက်လေးကျန်ခဲ့တဲ့အချိန်ကစပြီး နောက်ထပ် ၄၊ ၅နာရီလောက် ဘယ်သကောင့်သားမှ ပေါ်မလာတော့ဘူး။ ဘာမှလာမမေး၊ လာမပြောတော့ဘူး။ ခွဲစိတ်ခန်းဝင်တယ်ဆိုတာ ကလူသစ်အတွက် အသေးအဖွဲပါ။ အစိမ်းချုပ်၊ ထုံဆေး၊ မေ့ဆေး အကုန်အတွေ့အကြုံရှိပြီးသား။ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမဟုတ်ရင် လက်ဘက်ရည်ဆိုင်ထွက်ထိုင်သလောက် သဘောထားတာပါ။ ခုမခွဲခင်မှာလဲ ၈နာရီလောက် ဘာမှစားသောက်ခဲ့တာမဟုတ်ဘူး။ အိပ်ရာကနေထလာခဲ့တာပဲဟာ။ သူတို့ကိုလဲ ပြောပြီးသား။ ခွဲစိတ်ခန်းဝင်မဲ့လူနာများလို့ တန်းစီစောင့်နေရတာလဲ မဟုတ်။ အမှန်တော့ ဘာမှ အဆင်သင့်မဖြစ်ခင် ကလူသစ်ကို စိတ်ပြောင်းမသွားအောင် အပိုင်ချုပ်ထားခဲ့တဲ့သဘောပါပဲ။

ကနဦး ကလူသစ်ကို စစ်ဆေးတဲ့ GP ကလဲ ခွဲထုတ်ဖို့ လိုအပ်တယ်လို့ မပြောခဲ့ပါဘူး။ ခွဲစိတ်ဆရာဝန်ကြီးများကလဲ ကလူသစ်ကို မစစ်ဆေးပါဘူး။ GP က အူအတက်ရောင်တယ်၊ ဆေးခန်းကလဲ လူနာက ခွဲထုတ်ဖို့ သဘောတူတယ်ဆိုထားတော့ ခွဲကြ၊ စိတ်ကြတော့တာပါပဲ။ သူတို့အတွက်ကတော့ GP က “အာသီးရောင်နေတယ်”လို့မှတ်ချက်ပေးပြီး ဆေးခန်းက “လည်ပင်းဖြတ်ပေးပါ” လို့ ပြောရင်လဲ ဖြတ်ပေးလိုက်ကြမဲ့ သဘောရှိပါတယ်။ အလကားနောက်တာပါ။ ခွဲစိတ်ဆရာဝန်က ခွဲစိတ်ပြီးရင် နောက်ထပ် ပြန်စစ်ဆေးပေးဖို့ တာဝန်ရှိပေမဲ့ အစဦးရောဂါဆန်းစစ်ဖို့အတွက်တော့ တာဝန်အပြည့်အ၀ရှိလိမ့်မယ် မထင်ပါဘူး။ အမှန်က မလိုအပ်တဲ့ခွဲစိတ်မှုအတွက် ငွေကြေးမျက်နှာတခုထဲကို ကြည့်ပြီး ဆေးခန်းက လှုပ်ရှားသွားတာပါ။

ဆင်းရဲနွမ်းပါးတဲ့လူနာတွေ ဆေးဖိုးမတတ်နိုင်လို့ မဖြစ်သင့်တာ ဖြစ်သွားတဲ့အကြောင်း တော်တော်များများ ရေးကြ၊ ပြောကြပါတယ်။ လိုအပ်ရင် ငွေကုန်ခံနိုင်တဲ့သူတွေ အခုနလိုဆေးခန်းတွေကြောင့် မလိုအပ်တာတွေ လုပ်မိပြီး ချွှတ်ချော်တိမ်းပါးသွားတာတွေကိုလဲ သတိထားမိဖို့ လိုမယ်ထင်ပါတယ်။ မလိုအပ်ရင် ဆေးမထိုးဖို့ တိုက်တွန်းနိုးဆော်နေရတဲ့ ခုလိုအချိန်မှာ မလိုအပ်ပဲ ငွေကြေးရလိုဇောတခုထဲနဲ့ ခွဲစိတ်တဲ့အထိဖြစ်ရအောင် တိုက်တွန်းလုပ်ဆောင်နေကြတဲ့ ဆေးခန်းတာဝန်ရှိသူတွေကိုလဲ ထိထိရောက်ရောက် အပြစ်ပေးသင့်ပါတယ်။ ပြင်းထန်စွာ သတိပေးတယ်ဆိုတာလောက်နဲ့ မလုံလောက်ပါဘူး။ တိမ်းပါးသွားတဲ့ ကျောင်းသူလေးလို ရောဂါကလဲ မှားနေလိုက်သေးတယ်ဆိုရင် ပိုဆိုးတာပေါ့ဗျာ။

ဘယ်တတ်နိုင်မလဲလေ။ မြန်မာပြည်ကလူနာများအတွက်ကတော့ တရားနဲ့သာ ဖြေနေရတာပါပဲ။

12 မှတ်ချက်:

khin oo may said...

မော်တော်ကား သွားပြင်ရင် စက်ဖုံးအရင်လှန်ထားလိုက်သလိုပေါ့။ ဒေါက်ထောက်ထားလိုက်တယ်။ ဒါဘဲ။

khin oo may said...

ပိုက်ဆံရှာတဲ့နေရာရောက်သွားတာကိုး။

khin oo may said...

တစ်ကယ်စေတနာအမှန်နဲ့ငွေကြေးကိုအဓိက မထားဘဲယူတဲ့ဆရာဝန်ကြီးတွေလည်းရှိပါတယ်။ ပိုက်ဆံဆိုတာ ဆေးခန်းဆေးရုံကမှ ရှာလို့ရတာမဟုတ်ပါဘူး တစ်ခြားနည်းနဲ့လဲရှာလို့ရပါတယ်။

Myo Win Zaw said...

ကိုယ်ဝန်သည်တွေသွားပြရင်လဲ ရိုးရိုးမွေးလို့ရတဲ့ သူတွေလဲ ခွဲမွေးလေ ခွဲမွေးရင်မနာဘူး ခဏလေးဘဲ ခွဲလိုက် ရိုးရိုးမွေးရင် နာမယ် ဆိုပြီး ဆွယ်တရားတွေ ဟောတာကြားနေရတယ် ဆွယ်မှာပေါ့ ခွဲမွေးနဲ့ ရိုးရိုးမွေးက ကွာခြားချက်ရှိတယ်လေ ခွဲမွေးက ဘလာဘလာ တွေနဲ့ပိုက်ဆံပိုရတယ် OG ရော ခွဲစိတ်ဆရာဝန်ရော ခွဲခန်းသုံးခရော အများကြီးဘဲ ဆရာဝန်ကလဲ ဆရာဝန်ဘဲ ဆေးရုံကလဲဆေးရုံဘဲ ပိုက်ဆံရှိတဲ့ လူနာကလဲ လူနာဘဲ အဲဒါတွေ ဖြစ်နေတော့ ဆင်းရဲသားလူနာတွေကြတော့ ကြားထဲက ဒွတ်ခတွေရောက် ဘယ်သူမှ ဂရုမစိုက်ကြတော့ဘူး ဒပ်ဖရင်မှာတောင် ပိုက်ဆံရှိခွဲမွေးလူနာနဲ့ ဆင်းရဲသား ရိုးရိုးမွေးနဲ့တောင်မတူဘူး ပိုက်ဆံရှိခွဲမွေးဆို ဗိုက်အပ်ဆရာဝန် ဆေးရုံတာဝန်ကျဆရာဝန်တွေ ဆရာမတွေဝိုင်း နေတာဘဲ ရိုးရိုးမွေးဆို သားဖွားဆရာမကြီးနဲ့ တင်ပြီးရောဘဲ ပိုက်ဆံရှိခွဲမွေးဆိုတာလဲ ခွဲစရာမလို နာမှာကြောက်လို့ ခွဲတယ် ဗိုက်အပ်ထားတဲ့ ဆရာဝန်ဆွယ်တရားဟောလို့ ခွဲကြတာတွေချည်းဘဲ

မမသီရိ said...

ကိုလူသစ်က ခွဲစိပ်ကုတင်ပေါ် လေးငါး နာရီ..
မအော်နေ ဘူးလား ရှင့်..း)..
အတော်ဆိုးတဲ့သူတွေ .

အူအတက်.. တကယ်ယောင်တာဆို သေပြီ ပေါ့..း)

momiji said...

ဟူးးးးးးးးးးးးးးးးး

မလိုအပ်လဲ ...ခွဲ..နေကြတာ.. ကြားနေမြင်နေရတာ စိတ်မချမ်းသာ။

ဆရာဝန်တိုင်းတော့မဟုတ်ပေမဲ့... ဆရာဝန်လောက နာမည်ပျက်တာကို ၀ိုင်းထိန်းသိမ်းဖို့တော့လိုပီထင်တယ်။
အသက်နဲ့ဆိုင်တဲ့အတွက် တာဝန်အရမ်းကြီးတယ်။

ဖြစ်သွားတဲ့ဆရာဝန်ကြီးအတွက် စိတ်မကောင်းလှပေမဲ့ ပြန်ရှင်မလာနိုင်တော့တဲ့ ညီမလေးအတွက်တော့..ပိုပီးစိတ်မကောင်းဖြစ်မိတယ်။

Nge Naing said...

အခုက ဘယ်နေရာမှာ မှားပြီး ဘယ်လိုဖြစ်သွားတယ်ဆိုတာ ဖေါ်ပြထားတာ မရှိလို့ ဘာဖြစ်တယ်ဆိုတာ တိတိကျကျ မသိရသေးဘူး အပြစ်ပေးတာပဲ ဖေါ်ပြထားတယ် မဟုတ်လား။

ကိုအောင်(ပျူနိုင်ငံ) said...

စာတွေ လာဖတ်သွားတယ် ကိုလူသစ်၊ အားပေးလျက်။

MieMie said...

ဆေးရုံ ဆေးခန်း ဆရာဝန် ( အားလုံးကို မဆိုလိုပါ )
အကြောင်းတော့ အကြောင်းတိုက်ဆိုင်တုန်း ပြောရရင်
တော့ဗျာ... အသိမိတ်ဆွေ တယောက် အသည်းရောင် အသားဝါ
ဲစီပိုးဖြစ်လို့ အထူးကု ဆရာဝန် ( နာမည်သုံးလုံးနဲ့ နာမည်ကြီး ဆရာဝန် ) နဲ့ အပြင်ဆေးရုံမှာ တက်ကုလိုက်တာ ရက် ၃၀ လောက် တက်လိုက်တာ
သိန်း ၅၀ လောက် ကုန်သွားပါရော ... (မကြာသေးသော အချိန်လောက်က ) ပျောက်သလားဆိုတော့ ရောဂါပိုးတော့ ပျောက်မသွားဘဲ သန့်သန့်ရှင်းရှင်းနဲ့ ရှာထားတဲ့ ငွေတွေတော့ တလလောက် အတွင်းကို ပျောက်သွားပါ
တယ်...

ရောဂါပိုးက မသက်သာသေးတော့ ဒီဆရာဝန်နဲ့သာ ဆက်ကုနေရင်တော့ ရှာထားသမျှငွေတော့ လောက်တောင်မလောက်တဲ့ အပြင် တမိသားစုလုံး
လမ်းဘေးသွားနေရ မှာစိုးတာနဲ့ ကိုယ့်လိုဘဲ ခံရဖူးသူတွေ ပြောတာ နားထောင်ပြီး အိမ်နီးချင်းတိုင်းပြည်ထွက် ဆေးကုလိုက်တာ ငွေတွေ
တော်တော်များများကုန်ပေ် မယ့်
ရောဂါတော့ တော်တော်သက်သာသွားပြီး ရှိသမျှပိုး တွေ လည်း ကုန်စင်သွားတယ် ... ပြောရရင်တော့
ငွေကုန်ပေမယ့် စိတ်ချမ်းသာတယ်.. တိတိကျကျ မှန်မှန်ကန်ကန် လုပ်ပေးတဲ့ အတွက် ကုန်ရကျိုးနပ်တယ် ...

ဗမာပြည်မှာက စေတနာ ကောင်း မေတ္တာကောင်းကောင်းနဲ့ ကုပေးနေတဲ့ ရိုးရိုးဆရာဝန်တွေ ရှိသလို မေတ္တာ ခေါင်းပါးပြီး ငွေမျက်နှာ တခုတည်း ကြည့်ပြီး အချိန်တွေဆွဲပြီး သေခါနီး လူနာ
ဆီကနေ နည်းအမျိုးမျိုးနဲ့ ငွေယူပြီး ကုသ နေတဲ့
နိုင်ငံခြားပြန် ဆရာဝန် ကြီး တွေ လည်း ရှိ နေပါတယ်...

ပြောရရင် ... ရောဂါကို အချိန်ဆွဲ ငွေယူ ကုတဲ့ ဆရာဝန်နဲ့ အနာ တခြား ဆေးတခြား ကုတဲ့ ဆရာဝန် နဲ့ ... ဗမာပြည်က လူထုတွေ ကတော့ နေထိုင် မကောင်း
မဖြစ်အောင် ကိုယ့်ကျန်းမာရေး ကိုယ် ဂရုစိုက် နေရုံ မှ
တပါး ဘာများ ရှိဦးပါ့ မလဲ ...

လူလ said...

ရောက်လာ၏။ ရွှင်လန်းချမ်းမြေ့ပါစေ...

ဒူကဘာ said...

ကလူရေ ... ဗိုက်အပ်တဲ့ အကြောင်း လာဖတ် သွားတယ်၊ ဒါနဲ့ မရှင်းတာက ခွဲစိတ်ခန်းဝင်တော့ အဝတ်အစား လဲတာတော့ ဟုတ်ပါပြီ ရှင်းစရာရှိတာ ရှင်း ဆိုတာ ဘာလဲ ..ဟင်!

ကလူသစ် said...

အန်တီKOM, Myo Win Zaw. မမသီရိ၊ momiji, Nge Naing, ကိုအောင်။ MieMie, ကိုလူလ၊ ကိုဒူကဘာ

အားလုံးမင်လာပါဗျာ။
ဆေးခန်းတွေကလဲ ငွေမျက်နှာသိတ်ကြည့်သလို၊ ဆရာဝန်ကြီးတွေကလဲ လူနာမျက်နှာမြင်ရင် ငွေပုံကြီးကိုပဲ ပြေးပြေးမြင်နေကြတော့ ခက်သားလားဗျာ။ ဆရာဝန်ကြီးတွေက သူတို့ပေးဆပ်ခဲ့ရတဲ့ အချိန်၊ ငွေကြေးအစရှိတာတွေအတွက် ပြန်ယူတာလို့ ပြောတာ တခါကကြားဘူးခဲ့တယ်။ ယူတော့ယူ၊ အချိန်ဆွဲပြီး လိမ်မယူနဲ့ပေါ့ဗျာ။ ဟုတ်ဘူးလား။ ကျမ်းမာချမ်းသာကြပါစေလို့ပဲ ဆုတောင်းပေးရတော့မှာပေါ့။

 
Design by Pocket Blogger Templates