တရုတ်ဘုန်းတော်ကြီး Haithong ကဦးစီးတည်ဆောက်ခဲ့ပါတယ်။ သူ့လက်ထက်မှာ မပြီးစီးခဲ့ပါဘူ။ သူသေဆုံးပြီး ရန်ပုံငွေချို့တဲ့မှုကြောင့် ရပ်ဆိုင်းထားခဲ့ရတာမှာ နှစ်၇၀လောက်ကြာမှ လုပ်ငန်းပြန်စနိုင်ပြီး AD 803 မှာ ပြီးစီးခဲ့ပါတယ်။ မနှစ်က ငလျင်မှာ မထိခိုက်ခဲ့ပါဘူး။ ကံကောင်းတာပေါ့ဗျာ။ အာဖကန်က ရုပ်ပွားတော်၂ ဆူ ဗုံးခွဲဖျက်ခံရတာတော့ တော်တော်စိတ်မကောင်းဖြစ်မိတယ်။ ခုပြန်ပြီး တည်ဆောက်နေတယ်ဆိုပေမဲ့ အသစ်က အသစ်၊ အဟောင်းက အဟောင်းပဲလေ။ ဘယ်လဲလို့ရမလဲ။
ခု Leshan buddha ရုပ်ပွားတော်လဲ လူ့ပယောကကြောင့် ပျက်စီးမှုတွေနဲ့ ကြုံခဲ့ရပါသေးတယ်။ အဖိုးတို့တိုင်းပြည် စက်မှုလက်မှုတွေထွန်းကားလာတော့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အက်စစ်မိုးရွာသွန်းမှုတွေ ဖြစ်ခဲ့ပါတယ်။ ရုပ်ပွားတော်မျက်နှာတော်မှာ အက်စစ်မိုးဒဏ်ကြောင့် အညိုအမဲတွေစွဲလာခဲ့ပါတယ်။ ဒါပေမဲ့ အဖိုးတို့က အဖေတို့ထက်တော့ အမြှော်အမြင်ရှိပါသေးတယ်။ စက်ရုံအလုပ်ရုံတွေ ရွေ့ပစ်ခဲ့ပါတယ်။ ၂၀၀၁ မှာ ငွေသန်းချီအကုန်အကျခံပြီး ပြင်ဆင်ခဲ့ပါတယ်။ ၂၀၀၇ မှာ မူလရုပ်သွင်ပြန်ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဒါနဲ့စကားမစပ် (စပ်ချင်လဲ စပ်မှာပေါ့လေ)။ အဖနိုင်ငံတော်ကြီးကလဲ စက်မှုနိုင်ငံ ထူထောင်မလို့တဲ့။ ကိုယ်တတ်တယ်၊ သိတယ် ဆိုတိုင်း တယ်အမောက်ထောင်ပြချင်တာကိုး။ တော်ကြာ ကမ္ဘာ့စက်မှုနိုင်ငံကြီးတွေ ကြောက်လန့်တကြားနဲ့ အုတ်အော်သောင်းနင်းဖြစ်ကုန်မှဖြင့်။ ၂၀၁၂ မှာ ကမ္ဘာပျက်မယ်လို့လဲ လူပြောသူပြောများနေတာ မဟုတ်လား။ တော်ကြာ “ကမ္ဘာပျက်ခြင်းအစ၊ ကြပ်ပြေးက” လို့ သမိုင်းတွင်သွားပါအုန်းမယ်။ မဟုတ်မှလွဲရော၊ ဧရာဝတီတိုင်းကို စတေးသွားရှောင်မိရာကနေ လယ်တွေယာတွေ လုပ်ကိုင်စားလို့မရတော့မှန်း မျက်မြင်ကိုယ်တွေ့သိပြီး (ပညာရှိများ ပြေးကြည့်ရင် တွေးကြည့်တာထက်မှန်တယ်ဆိုတာ လက်တွေ့ပဲ) စက်မှုနိုင်ငံထူထောင်မယ်လို့ အားပေးစကား (ခေတ်သစ်စစ်သုံးမြန်မာအဘိဓာန်မှာတော့ အားပေးစကား=(က) ကယောင်ကတန်း (ခ) လျှာဖျားစကား လို့ အဓိပ္ပါယ်ရသတဲ့) ပြောခဲ့တယ် ထင်ပါ့။ မဖြစ်သေးပါဘူး။ အဖိုးတို့ဆီ ပြန်လှည့်အုန်းမှ။
အဲ့ဒီ ရုပ်ပွားတော်ဟာ ၇၁မီတာ (၂၃၃ပေ) မြင့်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်ကနေ ၄၂၂ မီတာမြင့်ပါတယ်။ မှတ်တမ်းက တရုတ်လိုရေးထားတာကို ကလူသစ်အထင်နဲ့ ရမ်းရေးလိုက်တာပါ။ စင်္ကာပူကနေ ၃၂၀၀ကီလိုမီတာ ဝေးပါတယ်။ ဘန်ကောက်၊ ဆွစ်ဒနီအစရှိတာတွေ တွေ့ပါတယ်။ ရန်ကုန်ကနေ ဘယ်လောက်ဝေးလဲ သိချင်လို့ လိုက်ရှာတာ မတွေ့ခဲ့ပါဘူး။ အဲ့ဒီခေတ်ကလူတွေ အသိဥာဏ်ပညာ ဗဟုသုတနဲပါးလေတော့ ရန်ကုန်ဆိုတာ ရှိမှန်းမသိဘူးထင်ပါရဲ့။
ဘုရားကို လမ်း ၂လမ်းကနေ ဖူးမြော်နိုင်ပါတယ်။
မြစ်ဆုံ(ဘလော့ဂ်ဂါမဟုတ်)မှာ တည်ထားတဲ့အတွက် ရေလမ်းကနေလဲ ဖူးမြော်နိုင်ပါတယ်။ သက်ကြီးရွယ်အိုများအတွက် သင့်တော်တဲ့နည်းပါ။ ဘာလို့လဲဆိုတော့ ကုန်းလမ်းကသွားရင် တောင်တက်ရပါလိမ့်မယ်။ ဒါက သိတ်ပြဿနာ မဟုတ်သေးပါဘူး။
တောင်ကုန်းပြေပြေလေးကို သာယာတဲ့လမ်းကလေးအတိုင်း တက်သွားလိုက်ရင် မကြာခင် ရုပ်ပွားတော်ရဲ့ ဦးခေါင်းတော်နဲ့ တတန်းထဲ အမြင့်မှာရှိတဲ့နေရာကို ရောက်ပါလိမ့်မယ်။
ရုပ်ပွားတော်ရှေ့တည့်တည့်ကနေ ဖူးမြော်နိုင်ဖို့အတွက်ကတော့ ကျဉ်းမြောင်းမတ်စောက်လှတဲ့ တောင်နံရံအတိုင်း လှေခါးနဲ့ဆင်းရပါမယ်။ အန္တရာယ်မများလှပေမဲ့ လူကြီးတွေအတွက်ကတော့ ခက်ခက်ခဲခဲဆင်းရပါလိမ့်မယ်။ အပြန်ခရီးအတွက်လဲ တခြားဖက်က တောင်နံရံ မတ်စောက်စောက်အတိုင်း ပြန်တက်ရပါလိမ့်မယ်။ အဲ့ဒီ အတက်အဆင်းလမ်းတွေကို ၈ရာစုနှစ်က တည်ဆောက်ထားခဲ့တာလို့ ဆိုပါတယ်။ ရှေးခေတ်မြေလျှိုးမိုးပျံ တရုတ်သိုင်းသမားတွေအတွက်ကတော့ အဆင်ပြေချင်ပြေပါလိမ့်မယ်။ ပုဆိုးဂွင်းသိုင်းတောင် မကျင့်ရတာကြာပြီဖြစ်တဲ့ ကလူသစ်အတွက်ကတော့ သိတ်အဆင်မပြေလှပါဘူး။ အပြန်ခရီးမှာတော့ အသက်မကြီးသေးတဲ့ (ကိုယ့်ကိုကိုယ် အားတင်းထားတာ) ကလူသစ်တောင် တော်တော်ဟိုက်ကြနေပါပြီ။
စိတ်ဝင်စားဖို့ကောင်းတာက ၀င်ကြေးကိစ္စပါ။ တရုတ်နိုင်ငံသား ပြည်တွင်းခရီးသွားတွေအတွက် Sichuan ပြည်နယ်က ငွေကောက်ခံပါတယ်။ ၁၅၀ယွမ် ဆိုလားပဲ။ တခြားပြည်နယ်တွေမှာလဲ သူ့ပြည်နယ်နဲ့သူ နှုန်းထားအမျိုးမျိုး ကောက်ခံပါတယ်။ နောက်ပြီး အခုလိုစိတ်ဝင်စားဖွယ်နေရာတွေအတွက် ၀င်ကြေးထပ်ကောက်ပါတယ်။ နိုင်ငံခြားသားတိုးရစ်များကိုတော့ ၀င်ကြေးအခမဲ့ပါ။ ဒီနေရာမှာမှ မဟုတ်ပါဘူး။ ကလူသစ်သွားခဲ့တဲ့ နေရာတိုင်းလိုလိုမှာပါ။ တိုးဂိုက်အဆိုအရ နိုင်ငံခြားသားတိုးရစ်တွေ တခြားနေရာ (ဥပမာ- အစားအသောက်အတွက်၊ အမှတ်တရပစ္စည်းအတွက်) ပိုသုံးနိုင်အောင်၊ ပိုကြာကြာနေချင်အောင်လို့ ပြည်နယ်အစိုးရဖက်က မလိုအပ်ပဲ ငွေမကောက်တာလို့ပြောပါတယ်။
ဒါဆို ပြုပြင်ထိန်းသိမ်းစရိတ်၊ ၀န်ထမ်းစရိတ် စတာတွေကို ပြည်နယ်အစိုးရ ဒါမှမဟုတ် ဗဟိုအစိုးရက အိတ်စိုက်အကုန်အကျခံထားပြီး တိုးရစ်လုပ်ငန်းကို အမှီပြုစားသောက်နေတဲ့ လုပ်ငန်းသေးတွေအတွက် ပိုပြီး အဆင်ပြေအောင်၊ ၀င်ငွေကောင်းအောင် ဖန်တီးပေးထားသလိုပါပဲ။ လာသမျှတိုးရစ်အိတ်ထဲက ရသမျှညှစ်ထုတ်မယ်ဆိုတဲ့ အကြံအစည်မျိုးနဲ့တော့ တခြားစီပေါ့ဗျာ။ ညှစ်ထုတ်တယ်ဆိုအုန်းတော့ အစိုးရအိတ်ထဲထည့်တာမဟုတ်ပဲ၊ ပြည်သူတွေ အဆင်ပြေပါစေဆိုတာမျိုးပေါ့။ ကြုံရခဲပါဘိတော့တယ်။
နောက်ပြီး ခု ရုပ်ပွားတော်အ၀င်အထွက်ဆိုရင် လူတိုင်းကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားပါတယ်။ တခြားနေရာတွေမှာဆိုရင် ပတ်စ်ပို့နံပါတ်၊ တရုတ်နိုင်ငံသားဆိုရင် IC နံပါတ်တွေကို မှတ်တမ်းတင်ထားပါတယ်။








12 မှတ်ချက်:
အေးဗျာ ....
စာတွေထဲဖတ်ဖူးပြီးဘာသာပြန်တင်ပြမယ်လို့ တောင်
စိတ်ကူးနေတာ ...
အခုလိုကိုယ်တိုင်ရောက်သွားပြီးရေးထား၊ ရိုက်ထား
တော့ ပိုကောင်းသွားတာပေါ့ ...
ကောင်းဗျာ ဗဟုသုတရတယ် နိုင်ငံခြားသား ၀င်ငွေမကောက်ဘဲ ထင်ရှားတဲ့နေရာတွေသွားခွင့်ပြုတဲ့ ရည်ရွယ်ချက်ကတော့ ကောင်း၏ မြန်မာပြည်မှာ နိုင်ငံခြားသားတွေ ဘုရားတက်တိုင်းပေးနေရတယ် ငွေရှိလို့ပေးတာ ဘာအရေးလို့ ထင်ရပေမယ့် ရွှေတိဂုံ လိုဘုရားကြီးမျိုးက ပြည်တွင်းအလှူတွေနဲ့ ပြည့်လျှံနေပါပြီ နိုင်ငံခြားသားတွေရဲ့ငွေ ကို ပြည်တွင်းက လက်မှုအရောင်းအ၀ယ်သမားတွေ အသေးစားစီးပွားရေးသမားတွေဆီက ပစ္စည်းတွေ ၀ယ်ယူဖို့ တိုက်တွန်းခြင်းဖြင့် အသေးစား စီးပွားကဏ္ဍကိုမြှင့်တင်လို့ရတာပေါ့ ကျွန်တော်တွေ့ဘူးတဲ့ ထိုင်းက guide ကတော့ ဒါမျိုးဝယ်ဖို့ အတင်းတိုက်တွန်းတယ် ဘာမှမဟုတ်တဲ့တန်ဖိုးနဲနဲ ပစ္စည်းလေးတွေပါ သူ့ကို ကောမရှင်ရလို့လားလို့မေးတော့ မျက်နှာဆူပြီး ဒီလောက်လေးကော်မရှင်ရမလား သူ့နိုင်ငံကလူတွေဝင်ငွေရတာပေါ့လို့ ပြောတယ် ဒါကလည်း စနစ်ကျတဲ့အခွန်စနစ် တွေရှိမှဖြစ်မှာပါ ထိုင်းမှာဆို သူတို့ရိုးရာလက်မှုပစ္စည်း ထုတ်လုပ်သူတွေကို အခြားစက်မှုလုပ်ငန်းတွေထက် အခွန်လျှော့ကောက်တယ် လွတ်လွတ်လပ်လပ် လုပ်ခွင့်လည်းပေးတယ် ဗမာမှာတောါ ဟိုတလော ဧရာဝတီသတင်းထဲဖတ်မိတယ် ရလွတ် ကဆေးတံ လုပ်ငန်းတောင် အခွန်တွေစည်းကျပ် ပြင်ပကို တင်ပို့ခွင့် ကိုကန့်သတ်လုပ်လို့ ဆေးတံလုပ်ငန်း ပျက်သလောက်ဆိုဘဲ တေဇလို လူမျိုးကျတော့ ဘောလုံးအသင်းထောင်ခိုင်းပြီး အခွန်ကင်းလွှတ်ပေးပြီး ရေခဲရေသည်တော့ ရောင်းရငွေရဲ့ ၁၀ ရာနှုန်းက ၀င်ငွေခွန် နောက် ၁၀ ရာခိုင်နှုန်းက ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ခ နောက် ၁၀ ရာနှုန်းက ကျန်းမာရေးနှင့်လျော်ညီအောင် စစ်ဆေးခဆိုပြီး ကောက်မလားမသိဘူး
ကလူသစ်ကြီးပြည်ကြီးသွား..ခရီးသည်မှတ်တမ်းကတော့
ရှင်ဒိသာပါမောက္ခ လိုပါပဲ..ဒီလို သွက်သွက်လေးတွေ..ရေးပါဗျ..ခင်ဗျားစာစောင့်ဖတ်ရတာလဲ..တခါတလေ..ရန်ကုန်ကမြို့ပတ်ရထားလိုပဲ ပေါ်ကိုမလာဘူး
ကိုလူသစ်ရေ ဗဟုသုတ ရလို့ကျေးဇူးတင်ပါတယ်။ ဘုရား ဆင်းတုတော် သမိုင်းအကြောင်း ပြောရင်း ကြပ်ပြေးအကြောင်းကလည်း မပါရင် မပြီးဘူးနော့်။
ကိုလူသစ်ရေ နေကောင်းလားဗျို့၊ အဘကြီးတော့ နေမကောင်းဘူး ကြားတယ်း)။
လာဖတ်သွားပါတယ်။ ဗဟုသုတဝေမျှတာကျေးဇူးပါ။
စိတ်သင်စားစရာပါအကို ရေ ပြောပြတာ ကျေးဇူးပါ
ဘုရားဖူးထွက်နေတယ်ပေါ့လေ။ လိပ်ဥတော့မတူးခဲ့ပါဘူး နော် ။
စည်ဝါး ကိုက်ထားသလား မှတ်ရတယ်၊ နေပြည်တော်က ဘဂျီး လိုပဲ ဒို့ ကလူတယောက် ဘုရားဖူး ထွက်နေတာကိုး၊ ဒို့ ဘဂျီးလို ဘုရားဖူးယင်း ဇောချွေး မပြန်ဖူးလားဗျ၊ တရုတ် လိပ်ဥလဲ မတူးခဲ့ဖူးလား ဗျ ။
peter kyaw..... ကိုယ့်ဘာသာကိုယ်ဆိုရင် သွားဖြစ်မယ်မထင်ဘူး။ စကားမပေါက်လို့လေ။ ကြုံတုန်းလေးပေါ့ဗျာ။
Myo Win Zaw.....အစိုးရနဲ့ ပြည်သူ ဘက်ညီမှ လူလာမှာဗျ။ ဖဲ့မယ်ဆိုလို့ကတော့ တခါလာပြီးလို့ကတော့ ၁၀ခါ လက်လန်သွားမယ်ထင်တယ်။
အန်ကယ်ရွှေရတုမှတ်တမ်းရေ.... ကလူသစ်က နဂိုကထဲက ဘလော့ဂ်ကို တာ့တာပြထားပြီးသား။ တခါတလေ အာရုံလာမှရေးတာဆိုတော့ မြိုပတ်ရထားလောက်တော့ ကြာမှာပေါ့ဗျာ ဟဲ
Nge Naing..... မပါလို့ မပြီးဘူးလေ။ ဒါလေးနဲ့ လုပ်စားနေတာ ... (အဲ့လေ) ယောင်လို့...။ သူတို့ပဲ ဘာပြောပြော ပြန်မပြော နားမထောင်နေတတ်တာ။ တချို့တွေက မျက်စတောင် အပစ်ခံတာမဟုတ်ဘူး။ ဆော်မယ် နှက်မယ်ဆိုတာ ချည်းပဲ။
ကိုအောင်၊ မောင်ကျည်ပွေ့၊ ဒူကဘာ....ဗဂျီး နေမကောင်းလို့ ရသြာ သွားချေပေးနေတာလေ။ သူက အောက်ဖက်ဆင်းတော့ ကလူသစ်က အပေါ်ဖက်တက်ပေးရတယ်။ လိပ်ဥတော့ တူးချင်သား။ တူးချင်စရာလေးတွေချည်းပဲ။ ခက်တာက သူစကား ကိုယ်မသိ ကိုယ့်စကား သူမသိ သနားပါဘိ။
ယောနက်သန်၊ Aung M...လာလည်ကြတာကျေးဇူးပါဗျာ
ခရီးသွားဇာတ်လမ်းဆက်ရေးဖို့ အားယူနေပါတယ်။ အားတဲ့ အချိန် လိုက်ရှာနေပါတယ်လို့။
ဗျို့ကလူသစ်
မအားလို့မရောက်ဖြစ်ဘူး၊ဘယ့်နှယ်စလုံးကနေတရုတ်ပြည်
များပြောင်းသွားတာလား၊တရုတ်ပြည်ခရီးစဉ်ပြီးရင်မြောက်
ကိုးရီးယားလည်းဆက်ဦးမှာလားဗျ။
မြစ်ဆုံ။
ပြုံးယမ်းဆိုတာ show city လို့ပြောကြသဗျ။ ဆက်တင်တွေလိုပဲ အလှပြဖို့ ပြင်ဆင်ထားတာ။ တကယ့်ပြည်သူတွေကြား သွားရမယ်ဆိုရင်တော့ သွားချင်သားပဲ ကိုမြစ်ဆုံရေ
Post a Comment