ဟိုရောက် ဒီရောက် (HUANGLONGXI TOWN)

Nov 13, 2009

စင်္ကာပူကနေ မနက် ၂ နာရီထွက်တဲ့ ချိုင်းနားအဲယားနဲ့ ခရီးစတင်ပါတယ်။ ချက်အင် ည၁၂ နာရီ၊ Chengdu ရောက်တော့ မနက် ၇ နာရီဆိုတော့ တညလုံး မအိပ်လိုက်ရဘူး ဆိုပါတော့။

Sichuan ပြည်နယ်ဟာ မြန်မာပြည်မြောက်ဖျားနဲ့ကပ်ရက် ယူနန်ပြည်နယ်ရဲ့ အထက်မှာရှိပါတယ်။ တောတောင်ထူထပ်တဲ့ နယ်မြေတခုပါပဲ။ ခုလိုအချိန်မှာ တော်တော်အေးနေပါပြီ။ အအေးကြောက်တတ်တဲ့ ကလူသစ်အတွက်ကတော့ အေးလွန်းလို့ တိုတောင်နေပါတယ်။ ဂုတ် ပြောတာပါ။ အေးလို့ ဇက်လေးပုပြီး ကွေးနေတာဆိုလိုတာပါ။
လေဆိပ်ကနေ ကားပေါ်တိုက်ရိုက်ပြောင်းတက်ပြီး ကီလို ၅၀လောက်ဝေးတဲ့ Huanglongxi Town ဆိုတဲ့ ရှေးဟောင်းရွာလေးဆီကို ခရီးနှင်ပါတယ်။

Ming and Qing dynasty လက်ထက်ကဖြစ်ပြီး သက်တမ်း နှစ်ပေါင်း ၁၇၀၀လောက်ရှိပြီလို့ဆိုပါတယ်။

အိမ်မျက်နှာစာတွေကို ပုံစံမပျက်ထိန်းသိမ်းထားတဲ့အတွက် ရှေးဟောင်းရုပ်ရှင်တွေ ရိုက်လေ့ရိုက်ထရှိတဲ့နေရာပါ။ ဖြတ်စီးသွားတဲ့ Huanglong မြစ်ကို အစွဲပြုခေါ်ဆိုထားတာပါ။ သူက ရုပ်ရှင်မင်းသမီးတော့ မဟုတ်ပါဘူး။ ရှေးဟောင်းမြို့လေးကို ၀င်ဝင်မိချင်းမှာပဲ သစ်လွင်တဲ့ရှေးဟောင်းအဆင်အပြင်လေးနဲ့ လှတပတလေးဆိုတော့ မနေနိုင် မထိုင်နိုင် ဓာတ်ပုံခိုးရိုက်လာခဲ့မိတာပါ။ ကလူသစ်က ဓာတ်ပုံရိုက်သွားလို့ ပီတိတွေဘာတွေဖြာပြီး ကောင်မလေး ညည အိပ်မှပျော်ရဲ့လားမသိဘူး။ စိုးရိမ်လိုက်တာ။ အီးမေးလ်လိပ်စာလေး သိရင်တော့ လှမ်းမေးကြည့်ချင်ပါရဲ့ :) ။


မီတာ ၁၀၀၀လောက်ရှည်တဲ့စမ်းချောင်းလေး ဘေးတဖက်တချက်က ရှေးဟောင်းပုံစံအိမ်လေးတွေရဲ့အောက်ထပ်တိုင်းမှာ စားစရာဆိုင်တွေ၊ အမှတ်တရပစ္စည်းဆိုင်တွေ ဖွင့်ထားကြပါတယ်။ ရေအားသုံး ရှေးဟောင်းကရိယာတွေနဲ့ တန်ဆာဆင်ထားပါသေးတယ်။

ကြည်လင်လှတဲ့ရေတွေ တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းဘေးမှာ ရေတွင်းတူးပြထားတာတွေ့ရတော့ နဲနဲရင်ခံတာပေါ့ဗျာ။

ပြချင်တာတွေများ၊ ပြုပြင်ထိန်းသိမ်းတာတွေများပြီး “ရှေးဟောင်း” တာထက် “ဈေးရောင်း” တာ ပိုများနေသလိုပါပဲ။ ဟောင်းချင်ဟောင်း၊ ရောင်းချင်ရောင်းပါ။ လာချင့်စဖွယ်ဖြစ်အောင်လုပ်ထားပြီး ဧည့်ခေါ်တတ်တာကတော့ ချီးကျူးစရာပါပဲ။

ရှေးဟောင်းဆိုတာနဲ့ ပက်သက်ပြီး တိုးဂိုက်က သူ့အတွေ့အကြုံကိုပြောပြပါတယ်။ ရှေးဟောင်းပစ္စည်းဆိုလို့ ၀ယ်မိတာ “အင်” မိသွားတဲ့အကြောင်းပါ။ ဒါကြောင့် နောက်ပိုင်း “ရှေးဟောင်း” လို့ရေးမိတာရှိရင် တကယ်ဟောင်းချင် ဟောင်းမယ်၊ မဟောင်းချင် မဟောင်းဘူး။ ကလူသစ်ကတော့ အာမမခံပါဘူး။ ကိုယ့်ဘာသာ ချင့်ယုံကြပေါ့ဗျာ :) ။

အဖိုးတို့တိုင်းပြည်ကလဲ နာမည်ကြီးမဟုတ်လား။ အတုလုပ်တဲ့နေရာမှာလေ။ အ၀တ်အထည်၊ အစားအစာကအစ နောက်ဆုံး ကွန်ဒုံးအဆုံး အကုန်အတုလုပ်တာမဟုတ်လား။ မတော်တဆ အဲ့ဒီအတုနာမည်ကြီးသွားရင် အတုရဲ့အတုတောင် ထပ်လုပ်ကြအုန်းမလား မသိဘူး။ နိုင်ငံနဲ့ချီပြီး အတုလုပ်တာရှိသေးတယ်။ အချုပ်အချာအာဏာအတု၊ အစိုးရအတု၊ နိုင်ငံအကြီးအကဲအတု၊ စာရင်းဇယားအတု၊ အောင်မြင်မှုအတု၊ ဖွဲ့စည်းပုံအခြေခံဥပဒေအတု၊ ရွေးကောက်ပွဲအတု၊ မဲဆန္နရှင်အတု၊ ဆန္နမဲအတု၊......အတု...အတု။ အဖေ့ထက် သားတလကြီးတဲ့ သဘောပေါ့ဗျာ။ အဲ့... ဒါလဲ ကိုယ့်ဘာသာကိုယ် ချင့်ယုံကြနော် :) ။


ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အဖိုးတို့ တိုင်းပြည်က ရှေးဟောင်းမြို့လေးကတော့ ရှေးဟောင်းစနစ်တွေနဲ့ ချီတက်နေဆဲပါပဲ။

Next stop: Leshan Grand Buddha

13 မှတ်ချက်:

ဒူကဘာ said... [Reply to comment]

အိမ်သူက ဘလော့ဂ် လာမဖတ်ဖူး ထင်ပြီး ခိုးရိုက်လာတဲ့ မဒီ လေးတွေပုံ တင်တာပဲလား? ...အဟောင်း ကာကွယ်လိုသူ တချို့က ပြောတယ် တွင်းဟောင်း ရေကြည် အေးမြသည်တဲ့လေ။

Myo Win Zaw said... [Reply to comment]

ကောင်းဗျာ ခရီးသွားဆောင်းပါးပြောပါတယ်

Steve Evergreen said... [Reply to comment]

Big history, big trip. thanks for sharing

ရွှေရတုမှတ်တမ်း said... [Reply to comment]

ဒူကဘာကြီးကလဲ.စမ်းရေလေး တသွင်သွင်စီးနေတာ..
ကြိုက်ပါတယ်ဆိုနေမှ..ဘာကိစ္စ တွင်းဟောင်းကြီး ဆွဲထည့်နေရတာလဲ..

ကိုအောင်(ပျူနိုင်ငံ) said... [Reply to comment]

တိုးရစ်ကြီး ကိုလူသစ် “အင်” တွေ မ၀ယ်ခဲ့နဲ့နော်း)

mg kyi poae said... [Reply to comment]

မှတ်ချက်အတု လာပေးသွားတယ်။ ကလူသစ်ရေ သွားပါများ ပိုက်ဆံအိတ်ပါး တရုတ်ပြည်ဘက် ဓါတ်ကျနေတယ်ထင်တယ်။

ဓရ်အံင်ဇျာန် ထင်အောင်ဈာန် said... [Reply to comment]

"အအေးကြောက်တတ်တဲ့ ကလူသစ်အတွက်ကတော့ အေးလွန်းလို့ တိုတောင်နေပါတယ်။ ဂုတ် ပြောတာပါ။ အေးလို့ ဇက်လေးပုပြီး ကွေးနေတာဆိုလိုတာပါ။" ဟိဟိ ရီစရာပြောပြီးမှ ပြန်ပြီးတော့ ရှင်းပြနေလိုက်တာ။ လာဖတ်သွားတယ်ဗျ။ ဗဟုသုတတွေ ရသွားပါတယ်။

Sai Laung Main Thet said... [Reply to comment]

ဗဟုသုတရတယ်ဗျာ
ကျေးဇူးပါ

MM Free said... [Reply to comment]

လာဖတ်တယ်ဗျာ။ ပုံကလေးတွေနဲ့ မြိုင်ပါ့။

ကလူသစ် said... [Reply to comment]

ဒူကဘာရေ...တွင်းဟောင်းမဟုတ်လို့ ဂွကျနေတာဗျ။

Myo Win Zaw... နှစ်ဖက်ခွစကားတွေ နားမလည်ဘူးနော်။

Steve Evergreen, Sai Laung Main That, ဓရ်အင်ဇျာန် ထင်အောင်ဈာန်၊ MM free ... မင်လာပါဗျာ။ လာလည်ကြတာကျေးဇူးပါ။

ဒူကဘာက တွင်းဟောင်းကြိုက်ပုံပေါ်တယ် အန်ကယ်ကျောက်ခဲရေ။

အင်ရော၊ အမှန်အကန်ပါ ဘာမှမ၀ယ်လာဘူး။ ပိုက်ပိုက်မလောက်လို့ ကိုအောင်ရေ။

မောင်ကျည်ပွေ့... အနီးအနားမှာ ဘေးကင်းရန်ကင်းသွားစရာဆိုလို့ တရုတ်ပဲရှိတာပဲဟာ

ဆောင်း said... [Reply to comment]

ဗဟုသုတတွေ မျှဝေတာ ကျေးဇူးပါ

တချို့ နေရာမှာ ကလူသစ် ရေးတာ သိပ်အဆင့်မြင့် တာဘဲ နားမလည်ဘူး

(ကြည်လင်လှတဲ့ရေတွေ တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းဘေးမှာ ရေတွင်းတူးပြထားတာတွေ့ရတော့ နဲနဲရင်ခံတာပေါ့ဗျာ။)

ဘာလို့ ရင်ခံတာလဲ

တွင်းရေ မသောက်ခဲ့ရလို့ လား ဒါမှမဟုတ် စမ်းရေ မသောက်ခဲ့ရလို့ လားဟင်

ကလူသစ် said... [Reply to comment]

အဆင့်မမြင့်ပါဘူးဗျာ။ ဒီလောက်ကြည်လင်နေတဲ့ရေတွေ အလွယ်တကူရနေမှတော့ ဘာကိစ္စရေတူးတွင်းနေရသေးလဲဗျ။ ဆက်တင်ပေါ့ဗျာ။

Phyo Maw said... [Reply to comment]

အားကြီးသွားချင်စိတ်ပေါ်တယ်

 
Design by Pocket Blogger Templates