ဟိုရောက် ဒီရောက်

Nov 9, 2009

ကလူသစ်ရဲ့ မွေးသဖခင်ကျေးဇူးရှင် ဒယ်ဒီဖားသားဖေဖေရဲ့ခြေထောက်မှာ ဗွေပါသလား၊ မပါသလားတော့ မသိဘူး။ တော်တော်လေးတော့ ဟိုသွားဒီသွား လုပ်ရတယ်။ ၀န်ထမ်းဆိုတော့ တာဝန်ကျရာ နေရာကို ခဏခဏပြောင်းရတယ်။ အဲ့ဒီကနေ တာဝန်ရှိရာ နယ်မြေကို ခြေစင်္ကြာဖြန့်ရတယ်။ မွေးသမိခင်ကျေးဇူးရှင် မာမီမားသားမေမေကတော့ ခြေထောက်မှာ ဗွေအပြင် မှဲ့ပါ အဆစ်ပါလိုက်သေးတယ်ထင်ပါရဲ့။ ကိုယ်စောင့်နတ်တောင် တခါတလေ မျက်စိလည်တယ်။ “ငါ အိပ်ရာဝင်တုန်းက ရန်ကုန်မှာပါ၊ ခုမနက်ထတော့ ဘယ်လိုဖြစ်ပြီး မန္တလေးရောက်နေပါလိမ့်” ဆိုပြီးတော့လေ။

ကလူသစ်ခြေထောက်မှာတော့ မှဲ့မပါပါဘူး။ ဗွေပါ မပါတော့ သေချာငုံ့ကြည့်လို့မရဘူး။ ဗိုက်ခံနေလို့။ ဒါပေမဲ့ ဟိုသွား ဒီသွားလေးလုပ်ရတာတော့ တော်တော်စိတ်ပါဝင်စားတယ်။ ခရီးသွားလို့ ခရီးလမ်းကြမ်းတာလဲ ခံနိုင်ရည်ရှိတယ်။ အလေးအပေါ့မသွားရတာလဲ ကိစ္စမရှိဘူး။ အစားအသောက်အဆင်မပြေတာလဲ ဂရုမစိုက်ဘူး။

တခါက ကျောင်းပိတ်ရက်မှာ မကွေးဖက် ချီတက်ပါလေရော။ အရင်တုန်းကလဲ ခဏခဏဆိုသလို သွားဖူးပါတယ်။ ကမ်းနားဖက်က မိဘမေတ္တာတို့၊ ဘာတို့ လူစီးကုန်တင်ကားကြီးတွေနဲ့ သွားတာ။ ရန်ကုန်ကနေ ကားပေါ်ထိုင်လိုက်သွား၊ မကွေးကို တန်းရောက်တာပဲ။ ဒီတခါတော့ ခြေကပဲ ရှည်သလား၊ လျှာကပဲ ရှည်သလားမသိ။ ပြည်အထိကို ရထားစီးတယ်။ ပြည်ကနေ မကွေးကို ဒိုင်နာကားစီးတယ်။ ရထားစီးတာက အိုကေပါတယ်။ ကားပေါ်ကျတော့မှ ဒုက္ခနဲ့ လှလှနဲ့ ကလူသစ်နဲ့ ငါးခြောက်နဲ့ မိုးနဲ့ တွေ့တော့တာပဲ။ ဒိုင်နာက အမိုးပေါ်မှာ ကုန်တင်ထားတာကိုးဗျ။ မိုးကလဲ တဖွဲဖွဲ၊ တလမ်းလုံးရွာနေတာ။ အမိုးပေါ်တင်ထားတဲ့ ငါးခြောက်အိတ်ကနေတဆင့် စီးဆင်းလာတဲ့ မွေးကြိုင်သင်းပျံ့လှတဲ့ အနံ့အရသာနဲ့ ပြည့်စုံတော်မူသော ငါးခြောက်ရေတွေက ကလူသစ်ခေါင်းပေါ် တလမ်းလုံး တပေါက်ပါက်ကျနေတာပေါ့။ အဆင်ပြေချင်တော့ မကွေးကို မိုးမလင်းခင်ရောက်ရော။ ကားဂိတ်နားက မိုးအလင်းဖွင့်တဲ့ဆိုင်မှာပဲ ကိုယ်သင်းရနံ့မွေးကြိုင်စွာနဲ့ ငုတ်တုတ်ငိုက်ခဲ့ရသပေါ့။

တခါလဲ ရွှေစက်တော်သွားတာ။ တီအီးကားနောက်မြီးမှာ လူချောင်တယ်ဆိုပြီး ဘုမသိ ဘမသိ နေရာအသေအချာယူထားမိတယ်။ တလမ်းလုံးဗျာ၊ နေကပူ၊ ကားဘော်ဒီကပူ၊ ဖုန်ကထူ၊ လမ်းကကြမ်းတော့ ကားကခုန်၊ ကားနောက်မြီးဆိုတော့ ပိုခုန်သလားမမေးနဲ့။ တလမ်းလုံး ကားခုန်တာ ထိုင်လိုက်ရတယ်ကိုမရှိပါဘူး။ ခုန်ဆွခုန်ဆွနဲ့ ပြုတ်ကျမှာစိုးလို့ ကားဘော်ဒီပူပူကြီးကို ဖက်ပြီး လိုက်လာရတာ။ ရှိသေးတယ်။ သာမညသွားတော့ ဒိုင်နာကားနောက်က တလမ်းလုံးတွယ်လိုက်သွားရတာ။ အိပ်ကလဲ အိပ်ချင်တော့၊ ပုဆိုးကို ပုခက်လိုချိတ်ပြီး တွဲလောင်းကြီး အိပ်လိုက်ခဲ့ရတာပေါ့။ မသေလို့ ဘလော့ဂ်ရေးနိုင်နေသေးတာပေါ့။ ကံဆိုးတယ်နော်၊ တချို့တွေအတွက် ပြောပါတယ် :) ။

အဲ့....ဒါတွေက ငယ်ငယ်တုန်းက ခံနိုင်ရည်ရှိတာကို ပြောတာပါ။ ခုနေများတော့ လေယာဉ်တနာရီလောက်စီးရမှာကို စိတ်ညစ်နေတာ။ ဘီးစနတ်ကလပ်ကလဲ မစီးနိုင်၊ ကျပ်ကျပ်တည်းတည်း နာရီနဲ့ချီပြီး ထိုင်နေရမှာလဲ မထိုင်ချင်။ နဲနဲ ပင်ပန်းတယ်ထင်ရင် ရထားမစီးပဲ တက္ကစီကို လက်တားချင်နေပြီ။ အကျင့်တွေ ပျက်နေတာကိုးဗျ။ ဒါပေမဲ့ ခရီးသွားဖို့လာဖို့ အခွင့်ကြုံလာရင် ခြေကတကြွကြွ ဖြစ်လာတာပါပဲ။ ခက်တာက အရင်တုန်းကလို ကားလက်မှတ်ဖိုးနဲ့ သုံးဖို့စွဲဖို့နဲနဲပါးပါးရှိရင် အိတ်ကောက်ဆွဲပြီး ထွက်သွားလို့ရတာမျိုး မဟုတ်တော့ဘူး။ အခြေအနေတွေက ပြောင်းလာတော့ ငဲ့ရတာတွေ၊ တွက်ရချက်ရတာတွေ ရှိလာတယ်။ အိတ်မဖောင်းတဲ့အခါမျိုးဆို ဧည့်ခန်းထဲက တီဗွီရှေ့မှာပဲ ငုတ်တုတ်မေ့နေလိုက်ရတာ။ ခရီးသွားတယ်ဆိုတာ ဂျိုနဲ့လားလို့ ရူးချင်ယောင်ဆောင်နေရတာပါပဲ။ သနားစရာပါဗျာ။

သူများတွေတော့ ဘာအတွက် ခရီးသွားချင်ကြသလဲ မသိဘူး။ ကလူသစ်ကတော့ ပုံစံခွက်ထဲက ခဏထွက်ဖို့အတွက် သွားချင်တာပဲ။ ငယ်ငယ်တုန်းကရော၊ အခုရောပေါ့။ လူပျိုတုန်းကဆို ရုံးပိတ်ရက် နဲနဲရှည်ပြီဆိုရင် တနေရာကောက်ထွက်သွားလိုက်တာပဲ။ တခါတလေ ဘာမှမဟုတ်ဘူး။ ဟိုတယ်မှာသွားအိပ်နေလိုက်တယ်။ အိပ်ချင်တဲ့အချိန် အိပ်၊ ထချင်တဲ့အချိန်ထ၊ စားချင်တဲ့အချိန် စား။ ရုံးပိတ်ရက်ဆို အိမ်မှာလဲ ဒါမျိုးလုပ်လို့ရတာပါပဲ။ ဒါပေမဲ့ အိမ်ထဲက မြင်နေကျ မြင်ကွင်းတွေကိုပါ ရှောင်နေလိုက်တာ။

ရေငတ်တုန်း ဘီယာဆိုင်တွေ့ ဆိုသလို ခုတလောလဲ တော်တော် ဟိုသွားဒီသွားလုပ်ရတယ်။ ပြီးခဲ့တဲ့ ရက်တွေတုန်းက တရုတ်ပြည်က Chengdu ဆိုတဲ့မြို့ကို ရောက်တယ်။ Sichuan ပြည်နယ်ရဲ့ မြို့တော်ပါ။ ပြီးခဲ့တဲ့နှစ်က ငလျင်လှုပ်သွားတဲ့နေရာပေါ့။ ငလျင်လှုပ်သွားတာ Chengdu ရဲ့ အနောက်မြောက်ဖက် ကီလို ၈၀လောက်အကွာမှာပေါ့။ Chengdu လဲတော်တော်ထိတယ်လို့ ပြောပါတယ်။


အဆင်ပြေရင် ဆက်ပါဦးမယ်။

9 မှတ်ချက်:

ကိုအောင်(ပျူနိုင်ငံ) said... [Reply to comment]

ပို့စ်အသစ်မတက်လို့ မျှော်နေတာ၊ ကိုလူသစ်ကြီး ခရီး
သွားနေတာကို၊ ပုဆိုးကို ပုခက်လို ချိတ်ပြီး မလုပ်နဲ့လေ
တော်ကြာ ဒီမိုကရေစီ မရခင် နတ်ရွာစံနေအုံးမယ်း)

Myo Win Zaw said... [Reply to comment]

မနက်စောစော ငါးခြောက်နံ့တသင်းသင်း နတ်ဒေ၀ါတပါးလို့ လဘက်ရည်ဆိုင်က လူတွေ ထင်မသွားကြဘူးလား

khin oo may said... [Reply to comment]

ဒါဘဲလား နည်းလှချည်လား. ဘာဖြစ်လို့ ဘတ်ကနဲ့ရပ်သွားတာလဲ။

ရွှေရတုမှတ်တမ်း said... [Reply to comment]

ငပိနံ့ မဟုတ်လို့တော်သေးတာပေါ့ ကလူသစ်ရယ်
စိန့်တိုင်း ကိုသွားတဲ့တောလားကလဲ တန်းလန်းကြီးပါလား

ရွှေရတုမှတ်တမ်း said... [Reply to comment]
This post has been removed by the author.
MieMie said... [Reply to comment]

ငလျင်လှုပ်တဲ့ နေရာရောက်တော့မှ ဘာလို့ ရပ်ပစ်ရသတုန်း... ကားအမြန်မောင်းတာကို စီးနေရင်းနဲ့ ရုတ်တရက် ဘရိတ်ဆောင့်အုပ်လိုက် သလိုဘဲ ရုတ်တရက်ကြီး ... ။ ဆက်ဖတ်ချင်တယ်ဗျို့ ... ကလူသစ်ကြီးး)
မြန်မြန် အဆင်ပြေပါစေ... ( အဆင်ပြေရင်ဆက်ပါဦးမယ်ဆိုလို့ )

mie nge

ဒူကဘာ said... [Reply to comment]

ကလူတို့က ထွင်းကို ထွင်တယ် ငါးခြောက်နံ့ပေးလိုက် ပုဆိုးခြုံလိုက်တာနဲ့ ချေဒူး ရောက်သွားရော မတော်လို့ လူကုန်ကူးတဲ့ ပွဲစားတွေများ ဒီနည်းသိသွားလို့ ဟင်း ဟင်း ဟင်းးးးးးးး

SDL said... [Reply to comment]

တန်လိုက်တာ.. ကားခပဲပေးရပြီး ကားရော၊ ပုခက်ရော စီးရတယ်တဲ့ ။

ကလူသစ် said... [Reply to comment]

မပူနဲ့ ကိုအောင်။ နာမသေဘူး ပုခက်စီးတတ်တယ်။ :)

စားပွဲထိုးကတော့ ကွက်ကြည့် ကွက်ကြည့်လုပ်နေတာပဲ ကိုမျိုးဝင်းဇော်ရ။

အန်တီ KOM. အန်ကယ် ရွှေရတု. mie nge ... ရေးမလို့ အရှိန်ယူနေတာလေ။ :)

ဒီလိုပဲ လှည့်ပတ်လုပ်စားရတာပဲ ဒူကဘာရေ့။

ကားခတောင်မပေးရပါဘူး SDL။ လမ်းထဲက မိတ်ဆွေကားနဲ့ လိုက်သွားတာလေ။ ပိုမတန်ဘူးလား။

 
Design by Pocket Blogger Templates