ဟိုရေး ဒီရေး

Oct 4, 2009

ဘာလိုလိုနဲ့ ဘလော့ဂ်တခုဖွင့်ထားတာ ၂နှစ်ပြည့်သွားခဲ့ပြီ။ ရက်ပေါင်း ၇၀၀ ကျော်မှာ ပို့စ်က ၁၅၀ကျော်လောက်ပဲဆိုတော့ ဘလော့ဂ်ရေးတယ်ဆိုတာထက် ဘလော့ဂ်ဖွင့်ထားတယ်ဆိုတာ ပိုမှန်မယ်ထင်ပါရဲ့။ စာရေးချင်တယ်ဆိုရင် စာဖတ်ဖြစ်နေဖို့လဲလိုသေးတယ်လေ။ ပထမအရွယ်တုန်းကတော့ ဖတ်ဖြစ်ပါတယ်။ “ကားနံပါတ်ရေးသည်” ဆိုတဲ့စာတောင် မချန်ဘူး။ အကုန်ဖတ်ပဲ။ ဒုတိယအရွယ်ရောက်တော့ “စာ” လို့ဆိုလိုက်ရင် “စာကလေးကျော်ကြွတ်ကြွတ်လေးနဲ့ ဘီယာလေးနဲ့ဆို အဆင်ပြေမှာပဲ”လို့ပဲ တွေးမိတော့တယ်။ တတိယအရွယ်ကျတော့ စားမြုံပြန်တယ်လေ။ ဖတ်ဘူးမှတ်ဘူးတာတွေ ပြန်မျှဝေတာမဟုတ်ဘူး။ အစာမကြေလို့ ပြန်ပြန်ဝါးနေရတာ။ စတုတ္ထအရွယ်ကို မှန်းကြည့်မိတာကတော့ ဟိုဆရာအပြော၊ ဒီပုဂ္ဂိုလ်အဟောတွေထဲက ကိုယ်လိုချင်တာတွေရွေးထုတ်၊ အဲ့တာတွေကို အကာအကွယ်ယူပြီး ရူးချင်ယောင်ဆောင်နေလိမ့်မယ် ထင်တာပဲ။ “စာ”ဆိုတာ စိတ်အတွက် အစာပဲမဟုတ်လား။ အစာကနေ အဟာရဖြစ်သွားတာရှိသလို ရင်ပြည့်ရင်ကယ်လဲဖြစ်နိုင်သေးတယ်။ အစာမကြေ၊ ရင်မချောင်လို့ လေချဉ်တက်ရင်၊ ဒါမှမဟုတ် ၀မ်းပုပ်ရင် ပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်လေ။ သဘာဝပတ်ဝန်းကျင်ဆိုတာ ထိန်းသိမ်းစောင့်ရှောက်ရမယ်တဲ့။ စက်မှုနိုင်ငံကြီးတွေက ကျယ်လောင်ကျယ်လောင်ပြောနေကြတာ နားမဆံ့အောင် ကြားနေရတာပဲ။ ကာဗွန်အီမစ်ရှင်းလျော့ကျအောင်တဲ့ အောနိပွန်အဲလိုင်းက ခရီးသည်တွေကို လေယာဉ်ပေါ်မတက်ခင် အိမ်သာတက်ခိုင်းတယ်။ ဒါမှ ၀ိတ်ကျပြီး လေယာဉ်ဆီလဲသက်သာ၊ ကာဗွန်ထုတ်လွှတ်တာလဲ သက်သာ၊ ဖြစ်မယ်တဲ့။ ဒါဆို ၀တဲ့သူတွေဟာ ပတ်ဝန်းကျင် ပျက်စီးအောင် ဖျက်ဆီးနေတဲ့နေရာမှာ ရှေ့ဆုံးက တတပ်တအားပါနေတယ်လို့ ယူဆရတော့မှာပဲ။ ကျေးဇူးပြုပြီးတော့ဗျာ။ အသံတိုးတိုးဖတ်ပါ။ အိမ်က မိန်းမ ကြားသွားမှာ စိုးလို့။ မိန်းမဆိုလို့ အိမ်ကမိန်းမအကြောင်းတော့ ပြောကို မပြောချင်တော့ပါဘူးဗျာ။ မပြောချင်ဘူးဆိုတာ ပြောချင်လို့စကားခံတာလို့ မထင်နဲ့။ ပြောကို မပြောချင်တာ။ တခါတလေလဲ အပြောမရိုးရင် နားထောင်ရတဲ့သူထက် ပြောရတဲ့သူက ပြန်ပြီး အူလည်လည်ဖြစ်နေတတ်တာ တွေ့မိမှာပေါ့။ ဟိုတလောက ကြွက်ကြွက်ညံသတင်းတပုဒ်ဖတ်လိုက်တယ်။ အူလည်လည်ရေးသွားတာကို အီလည်လည်ဖတ်လိုက်ရလို့ သက်ဆိုင်ရာ ဓာတ်ပုံသတင်းကိုပါ လှန်လှောကြည့်လိုက်တယ်။ မအူမလည်ဖြစ်သွားတာနဲ့ ဆလံလေးပေး၊ “ဘရား၊ ဘရား ကုလားမှားပါတယ်” အော်ပြီး ဗီဒီယိုမှတ်တမ်းကို မကြည့်မိအောင် မနဲကျော်လိုက်ရတယ်။ ချစ်လှစွာသော အဘတို့ကို စင်ဒရဲလားမှတ်ပြီး ဒေါက်ဖိနပ်လိုက်ပေးတဲ့သတင်းပါ။ စလုံးကတော့ သစ်ခွပန်းနဲ့တောင် ဂုဏ်ပြုပေးလိုက်သေးတယ်။ စင်္ကာပူနိုင်ငံသား အတိုက်အခံနှစ်ယောက်က ဂုဏ်ပြုပွဲကို လာကန့်ကွက်သေးတယ်။ ဒါပေမဲ့ သူတို့ကံကောင်းပါတယ်။ နဲနဲလေး အချိန်လွဲသွားတယ်။ မျိုးကျော့မြိုင်သီချင်းဆိုနေလို့ နေမှာပေါ့။ “၅ မိနစ်နောက်ကျသွားတယ်ကွာ။ တောက်....” ပေါ့။ နောက်ကျတာတော့ မပြောနဲ့။ ၂နှစ်ပြည့်သွားတာက ပြီးခဲ့တဲ့လ ကထဲက။ ပို့စ်က ခုမှရေးဖြစ်တာ။ နောက်လာနောက်သားတွေ မှတ်သားစရာဖြစ်အောင် “ဆန်စင်ရာ ကျည်ပွေ့လိုက်” ရေးနည်းနဲ့ ရေးလိုက်တယ်။ အဆင်ပြေကြပါစေ။

18 မှတ်ချက်:

Phyo Maw said... [Reply to comment]

ဗျို့ ကိုကလူသစ်
စာဆိုလို့ စာပိုက်ခွဲဗျာ တစ်လုပ်ချင်း စား တော့ မြိန်တယ်။
အိမ်ကမိန်းမအကြောင်းဆိုလို့ မိန်းမတော့ မယူရသေးဘူး
နောင်လာနောက်သားထဲက အစောဆုံးလာပြီး ဖတ်သွားတယ်ပေါ့ =D

ကလူသစ် said... [Reply to comment]

ဒီလောက်သွက်မှတော့ မကြာခင်ကောင်းစားတော့မဲ့သူပဲ။ စာပိုဒ်ခွဲရင် ဆက်ရေးတာ အရသာပျက်မပေါ့ဗျ။

ကိုအောင်(ပျူနိုင်ငံ) said... [Reply to comment]

ကိုလူသစ်က တတိယအရွယ်ရောက်နေပြီးလား၊ ကျနော်
ဆို ပထမအရွယ်ပဲ ရှိသေးတယ်။း)

Nai ရဲ့  ရွှေရတုမှတ်တမ်း said... [Reply to comment]

စာလာဖတ်တာ ၅မိနစ် နောင်ကျသွားတယ်...း)
ကလူသစ် စာတပုဒ်ဖတ်ဖို့အရေး...
လ နဲ့ချီမစောင့်ရလို့တော်သေး....

Maydarwii said... [Reply to comment]

၂ နှစ်ပြည့်ဘလော့အတွက် ကွန်ဂရက်ကျူလေးရှင်း ပါ ကလူသစ်ကြီးရေ ... ။

အရွယ်နဲ့အလိုက် စာကို စိတ်ဝင်စားပုံလေးက တော်တော်ဟုတ်ပေတာပဲ။ ကျမဖြင့် ခုထိ ကျောင်းစာကလွဲရင် အကုန် စိတ်ဝင်တစား ဖတ်ချင်နေတုန်းပဲ။

ဒါနဲ့ ... ဆန်စင်ရာ ကျည်ပွေ့လိုက်တာလား၊ ကျည်ပွေ့လိုက်ချင်တဲ့နေရာကို ဆန်တွေက စင်ပေးရတာလား ... သိနေတယ်နော်။ :)

momiji said... [Reply to comment]

ဟီး ကိုလူသစ် ၂နှစ်ပြည့်ပီကိုး

နောက်ကျသွားတာ ၅မိနစ်ထဲ ကို အစည်းအဝေးက ပီးသွားတယ်..

Nge Naing said... [Reply to comment]

နှစ်နှစ်ပြည့် အမှတ်တရ ပို့စ်ကို ဖတ်သွားပါတယ်။ ဒါပေမယ့် ဘာကို ဘာကို ဦးတည်ပြီးရေးထားတယ်ဆိုတာ ခန့်မှန်းလို့ မရခဲ့ဘူး။ ပြောချင်တဲ့ အကြောင်းအရာတွေက များပြီး နည်းနည်းစီပဲ ပြောသွားတယ်ဆိုတော့ ဘာအကြောင်းကိုမှ တိတိကျကျ မှတ်ချက် ပေးလို့ မတတ်တော့ဘူး။ နှစ်နှစ်ပြည့်တာ တလကျော်မှ အမှတ်တရပို့စ်ကို ရေးဖြစ်တာ တော်တော် အလုပ်များတယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် ဘလော့ဂ်သက်တမ်း နှစ်နှစ် ပြည့်သွားပြီဆိုတာ သိရလို့ ၀မ်းသာပါတယ်။ စာတွေ ဆက်ရေးနိုင်ပါစေလို့ ဆုတောင်းပါတယ်၊ ဆက်ရေးဖို့ အားလည်းပေးပါတယ်။

burmesesoccerfan said... [Reply to comment]

မှတ်ရတာ လွယ်ပါ့ဗျာ ကို့လူဘလောက်က ရွှေဝါရောင်တော်လှန်ရေးနဲ့ အတူတူ

mg kyi poae said... [Reply to comment]

၂ နှစ်ပြည့်သွားပြီကိုးးးးးး ဘာလိုလိုနဲ့ ဘာမှမကြာလိုက်ဘူး နော်။ ကလူသစ်က ဘလော့ကို ၁နှစ်ကျော်လောက်ရေးပြီး ၁နှစ်နီးပါးလောက်ဖွင့်ထားတာဆို ပိုမှန်လိမ့်မယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် ဘလော့ရေးတဲ့ ဖွင့်တဲ့အတွက် ချစ်သူတွေရော၊ မုန်းသူတွေရော ရတာပေါ့ဗျာ။ ကလူသစ် က စတုတ္ထအရွယ်ရောက်နေပြီလားးး အခုမှ ဘ၀ စတော့မယ်ပေါ့ ဆဌမ တို့ သတ္တမတို့အရွယ်ထိ ဘလော့ရေးနိုင်ဖွင့်နိုင်ပါစေဗျာ..

လူလ said... [Reply to comment]

မင်္ဂလာပါ ကိုလူသစ်ကြီး

နေကောင်းပါစ...

စကားမစပ်... “ သင့်ကြောင့် မီးမလောင်ပါစေနဲ့ ” ဆိုင်းပုဒ်ရော ဖတ်ဖြစ်သေးသလား... ဟဲဟဲ

ရွှင်လန်းချမ်းမြေ့ပါစေ...

သက်ဝေ said... [Reply to comment]

အကြောင်းအရာ အစုံကို တလစပ်ကြီး ပြောထား (ရေးထား) တာကိုး...
ဖတ်ရတာ မောထှာ ကလူသစ်ရယ်...
နောက်ကို ဖြေးဖြေးပြောပါဗျာ...

၂ နှစ်ပြည့် မွေးနေ့အတွက် ဆုတောင်းသွားတယ်နော်...
ဘလော့ဂ်လေး သက်တော်ရာကျော်ရှည်ပါစေ လို့...

ဟိုး စောစောတုန်းက လာလည်နေကျ သမီး ဓါတ်ပုံလေးတွေနဲ့ C Box လေးနဲ့ Side Bar လေးနဲ့ ဝေဝေဆာဆာ လှပနေတဲ့ အပြာရောင် Template လေးနဲ့ ဘလော့ဂ် အဟောင်းလေးကို လွမ်းတာတော့ အမှန်ပဲဗျ...

Myo Win Zaw said... [Reply to comment]

ကလူသစ်ရေ မရောက်တာလည်းကြာလို့ ရောက်အောင် လာခဲ့ပါတယ် နေပြည်တော်က အဘကတော့ ပို့သတဲ့ မေတ္တာကြောင့် ကျန်းကျန်းမာမာပါဘဲ နှစ်နှစ်သားဆိုတော့ ငယ်ပါသေးတယ် ရှေ့လျှောက်မတော်တာ တွေပြောရအုံးမှာ ဆိုတော့ အာမွေးထားပေါ့ဗျာ ပြည်တွင်းက အဘနဲ့ ပြည်ပက ကိုကို တွေနဲ့တော့ တယောက်နဲ့ တယောက်တော့ ဟုတ်နေတာဘဲ

Htun said... [Reply to comment]

စင်္ကာပူ နိုင်ငံသား နှစ်ယောက် ဆိုတာ ပြည်တွင်းဖြစ် စင်္ကာပူသား တွေလား ။

မေ့သမီး said... [Reply to comment]

နောင်လာနောက်သားဆိုတော့ သမီးတို့မပါဘူးပေါ့နော်။

yan9 said... [Reply to comment]

ကလူသစ် စိတ်ကူးစိတ်သန်းအမြင်နဲ့ အရေးအသားကို
အရမ်းကြိုက်ပါတယ်။
ဆေးစက်ကျရာ အရုပ်ထင်တဲ့ ပန်းချီဆရာလိုမျိုးပဲလို့
ဘာအကြောင်းပဲဖြစ်ဖြစ် ဘယ်လောက်ပဲဖြစ်ဖြစ်
ရေးနိုင်သမျှ ရေးနေစေချင်ပါတယ်။

ဆောင်း said... [Reply to comment]

နဲနဲမှ နောက်မကျဘူး မြင်တာနဲ့ ချက်ချင်းလာတာ (အနုတ် ၄ရက်)

နောက်ထပ်ရော လူအသစ်ရပြီလားဟင်

ကလူသစ် said... [Reply to comment]

စတုတ္ထသက်တမ်းရဲ့ပထမအရွယ်လား ..ကိုအောင်

မပူပါနဲ့။ နောက်ဆို လနဲ့ချီစောင့်ရအုန်းမှာ သိလား အန်ကယ် :)

ဒီလိုပါပဲ မမေဒါဝိန်ရယ်။ စင်တာ ပထမလာ။ လိုက်တာ ပထမလား ကိုယ့်ဘာသာကိုယ်တောင် မကွဲပြားဘူး။ :)

ပြည့်ပြီ momiji၊ လာအုန်းမှာ နောက်ထပ် နှစ်တွေ၊ ဘလော့ဂ်ရေးနေမှာတော့ မဟုတ်ဘူး။ ဖွင့်ထားမှာ

ဆန်စင်ရာ ကျည်ပွေ့လိုက်ဆိုမှတော့ ဘာကိုမှ ဦးမတည်ဘူးလေ။ ဟိုရောက် ဒီရောက်ပေါ့။ အားပေးတာ ကျေးဇူးပါ Nge Naing

အဲ့ဒီအရေးတော်ပုံကပဲ စေ့ဆော်လိုက်တာ burmesesoccerfan။ ကိုယ့်ဘလော့ဂ်လဲ ကိုယ်ပြန်ရေးအုန်းလေဗျာ

မောင်ကျည်ပွေ့ဘလော့ဂ်ဖတ်လို့မရပါ။ ပထမဆုံး စာပိုဒ်ပဲပေါ်ပါတယ်။ ဘယ်လိုဖြစ်တာလဲ။ လုပ်ပါဦးဗျ

မင်္ဂလာပါ ကိုလူလ။ အကုန်ဖတ်တာပါပဲဗျာ။ “သင့်ကို တပ်မတော်မှ အလိုရှိသည်” ဆိုတာပါဖတ်တယ်။ လက်ညှိးကြီးက ကလူသစ်နောက်က လူကိုထိုးနေလို့ တော်သေးတာပေါ့။

မင်လာပါ သက်ဝေ။ အရင်လိုတော့ ပြန်မဖြစ်နိုင်တော့ပါဘူးဗျာ

မင်လာ ကိုမျိုးဝင်းဇော်။ ဆားညှပ်နေတဲ့လူတန်းစားဆိုတော့ ဒီလိုပဲ အားမွေးထားရမှာပဲဗျ။

Htun.....မူလပထမအော်ရီဂျယ်နယ် စင်္ကာပူနိုင်ငံသားလို့ သိရပါတယ်

မေ့သမီး..... မြန်မာစကားကို မြန်မာလို မတွေးနဲ့လေကွယ်

yan9.....မင်လာပါ။ ခုလိုအားပေးတာ ကျေးဇူးတင်ပါတယ်။

ဆောင်း.... လူအသစ်က မလွယ်သေးပါဘူးကွယ်

ဒူကဘာ said... [Reply to comment]

အင်း ... ကလူသစ်ပြောမှပဲ ဘလော့ဂ်ရေးတာ အတွေ့အကြုံ တွေကို ညနေညနေ ဘီယာနဲ့ မျှောပြီး အန်ချနေသလိုကို ဖြစ်နေတယ်လို့ ထင်မိသွားကြောင်း။

 
Design by Pocket Blogger Templates