စတီယာရင်ပေါ်က နုတ်ခမ်းနီ

Apr 9, 2009

ဒီတခါတော့ အမျိုးသမီးပရိတ်သတ် ပို့သတဲ့မေတ္တာခံယူလိုက်အုန်းမယ်။

နုတ်ခမ်းနီနဲ့ စတီယာရင်ဝှီးနဲ့ ဘယ်လို သဟဇာတမဖြစ်မှန်းကို မသိပါဘူးဗျာ။ ဖော်ဝက်အီးမေးလ်တွေထဲမှာတော့ တွေ့ဘူးပါရဲ့။ အမျိုးသမီးဒရိုင်ဘာတွေ ဘယ်လို ရုပ်ပျက်ဆင်းပျက်မောင်းနေကြတယ်ဆိုတာကို ရိုက်ထားတဲ့ ဓာတ်ပုံတွေလေ။ တခါတလေဖြစ်ပျက်သွားတာကို ဟာသလုပ်ထားတယ်လို့ပဲ ထင်နေတာ။ ရန်ကုန်မှာတုန်းကလဲ အကြောင်းကြောင်းကြောင့် အမျိုးသမီးဒရိုင်ဘာတွေနဲ့ သိတ်မတွေ့ဖြစ်တော့ သတိမထားဖြစ်ဘူး။ အမှန်ဖြစ်သင့်တာက ကားလှလှပပလေးတွေကို ကောင်မလေးလှလှပပလေးတွေ ကျွမ်းကျွမ်းကျင်ကျင်လှလှပပလေး မောင်းသွားတယ်ဆိုတာမျိုးဖြစ်ရမှာ။ မြင်ရတာ ဘယ်လောက် ကျက်သရေရှိလိုက်မလဲ။ စဉ်းစားကြည့်တာနဲ့ကို သားရည်ယို အဲ့..... သဘောကျစရာလေး။

ခုတော့ဗျာ။ လမ်းမပေါ်မှာ ကားတစီးကို့ယို့ကားယားဖြစ်နေပြီလား။ အချက်ပြမီး ပြထားတာ မီးလုံးတောင် ကျွမ်းတော့မယ်၊ ကားက ခုထိမကွေ့ရသေးဘူးလား။ ကွေ့လမ်းနားကပ်လာမှ အူယားဖားယား မျက်စိစုံမှိတ်ပြီး ကွေ့ချလိုက်တဲ့ကားတစီးတွေ့လိုက်သလား။ ပြေးမကြည့်နဲ့။ အမျိုးသမီးဒရိုင်ဘာပဲ။ ၉၉% သေချာတယ်။ အမျိုးသားဒရိုင်ဘာတွေလဲ လမ်းပေါ်မှာ ၀ရုန်းသုန်းကားဖြစ်အောင် မောင်းတာပါပဲ။ ဒါပေမဲ့သူတို့က ရမ်းကားတာ။ အမျိုးသမီးဒရိုင်ဘာတွေလို တွန့်ဆုတ်တွန့်ဆုတ်လုပ်နေတာမဟုတ်ဘူး။

ဒါတောင် စင်္ကာပူမှာ သူ့နိုင်ငံသားတွေ ကားမောင်းလိုင်စင်ရဖို့ တော်တော် ငွေကုန်ကြေးကျများပြီး ခက်ခဲပေလို့ပဲ။ ကလူသစ်တို့လို နိုင်ငံကျော်တွေအတွက်တော့ ဘယ်ခက်မလဲ။ စာတွေ့ဖြေလိုက်ရင် ရတာပဲ။ သူတို့မှာ ငွေထောင်ချီပြီး ကုန်တယ်ပြောတယ်။ တော်တော်နဲ့လဲ မအောင်နိုင်ဘူး။ ခက်ခက်ခဲခဲဖြေရတာ။ အဲ့.... လိုင်စင်လဲရပြီးရော အမျိုးသားဒရိုင်ဘာတွေက အတိုးချပြီး ရမ်းကားတော့တာပဲ။ လိုင်စင်ပြန်ရုတ်သိမ်းခံရဖို့ တော်တော်လွယ်တယ်ဆိုတာ မေ့ထားကြသလိုပဲ။ အမျိုးသမီးဒရိုင်ဘာတွေကတော့ တော်ရှာပါတယ်။ ကားမောင်းလာတာ နှစ်ချီကြာလာတာတောင် လိုင်စင်ဖြေတုန်းက စတိုင်နဲ့ မောင်းနေကြတုန်း။

ကလူသစ်အရင်ကုမ္ပဏီတုန်းက ဘောစိမဆိုရင် ကားမောင်းလာတာ ၁၅နှစ်ထက်မနဲဘူး။ ကားပေါ်တက်တာနဲ့ ကိုယ်ကိုမတ်မတ်ထား၊(တောင့်တောင့်ထားတယ်ဆိုရင် ပိုမှန်မယ်ထင်ပါရဲ့) လက်နှစ်ဖက်နဲ့ စတီယာရင်ကို ပုံစံတကျကိုင်၊ ပါးစပ်ပိတ်၊ မျက်စိက ရှေ့တည့်တည့်ကိုကြည့်၊ ဂီယာကို လက်နဲ့စမ်း၊ မောင်း..... လုပ်နေတုန်းပဲ။ ခေါင်းကို မော့ထားလိုက်သေးတယ်။ ပါကင်ထိုးနေတာမှမဟုတ်တာ။ ခေါင်းမော့ပြီး ကိုယ့်ကားဘန်ဘာရှေ့မှာ ဘာရှိသလဲ ကြည့်နေစရာမလိုပါဘူး။ ဒါပေမဲ့ မရဘူး ကားမောင်းတိုင်း ဂလိုပုံစံနဲ့မောင်းတုန်း။ ဒါပေမဲ့ စာတွေ့ဖြေတုန်းက အမှတ်အသားတွေတော့ မမေးလေနဲ့။ ဘာမှမမှတ်မိတော့ဘူး။

သူမှ မဟုတ်ဘူး။ ခုလက်ရှိ ကားမောင်းနေတဲ့သူကို စာတွေ့ဖြေခိုင်းလိုက်၊ ၁၀၀ဖြေရင် ၁၀၁ယောက် ကျတယ်။ မေးတဲ့သူပါ ကျလို့ တယောက်ထပ်တိုးလိုက်တာ။ ဟုတ်တော့ ဟုတ်ပါတယ်။ မောင်းနေတုန်းလဲ ဒီအမှတ်အသားတွေ အားအားယားယား လျှောက်ကြည့်နေတာမှမဟုတ်ပဲ။ ကိုယ့်ဘေးပတ်ဝန်းကျင်ကကားတွေရယ်၊ မီးပွိုင့်ရယ်၊ လူကူးမျဉ်းကျားရယ်၊ လမ်းမသိရင် လမ်းပြဆိုင်းဘုတ်ရယ် ဒါလောက်ပဲ သတိထားကြည့်ပြီး မောင်းကြတာမဟုတ်လား။ စာတွေ့မအောင်တဲ့သူမို့လို့ ကားတိုက်တာ မဟုတ်ဘူး။ စက်အခြေအနေနဲ့ ရာသီဥတုကိုဖယ်လိုက်ရင် ရမ်းကားလို့တိုက်တာ၊ မူးလို့တိုက်တာ၊ သတိလက်လွတ်နေလို့တိုက်တာ၊ ကားမမောင်းတတ်လို့ တိုက်တာ။

ကားမောင်းတတ်တဲ့သူတွေမှ နားလည်နိုင်မယ်ထင်ပါရဲ့။ လမ်းမပေါ်မှာ ဒီလောက်ကားတွေများတာ မတိုက်မခိုက်မိအောင် ဘယ်လိုမောင်းနေကြလဲ။ Flow.... Flow ထဲမှာ၊ ရေစီးကြောင်းထဲမျောသွားသလို အလိုအလျောက် မျောနေသလိုဖြစ်အောင် မောင်းနေကြတာ။ အဲ့ဒီ Flow ဟာ တခုခုကြောင့် ယိုယွင်းသွားရင်.... လာထား... ဂျိုင်း...တိုက်ပြီပဲ။ အဲ့ဂလိုယိုယွင်းအောင် လုပ်တဲ့သူတွေထဲမှာ ဒီတလမ်းလုံး ငါ့အဖေရဲ့ သူငယ်ချင်းရဲ့ ညီမတ၀မ်းကွဲရဲ့ ယောက်ခမရဲ့ ဦးလေးပိုင်တာလို့ သဘောထားမောင်းတဲ့သူတွေ၊ ယာဉ်ကျောပြောင်းဖို့အရေး မိသားစုအစည်းအဝေးထိုင်နေတတ်တဲ့သူတွေ ထိပ်ဆုံးကပါတယ်။ အဲ့.... အမျိုးသမီးဒရိုင်ဘာတွေကတော့ အစည်းအဝေးတင်မကဘူး၊ meeting minute အချောထွက်လာပြီး အိမ်ထောင်ဦးစီးလက်မှတ်ထိုးပြီးမှ ဆက်မောင်းမယ်ဆိုတာမျိုး။

သူတို့က ဟိုလိုလို ဒီလိုလို ယောင်ဝါးဝါးလုပ်လိုက်၊ ကျန်တဲ့သူတွေက သူဘာလုပ်မယ်မှန်းမသိတော့ ဆက်မောင်းရမလို၊ ရပ်ပြီး လမ်းပေးရမလိုဖြစ်လိုက်နဲ့ပေါ့။ အဲ့တာနဲ့ ဆင့်ကဲဆင့်ကဲ အရှိန်နှေးကုန်ပြီး လမ်းပိတ်ဆို့မှုတွေပါဖြစ်လို့ပေါ့။ ဒီလိုဖြစ်တတ်တာ အမျိုးသမီးဒရိုင်ဘာတိုင်းတော့မဟုတ်ပါဘူး။ ကလူသစ်တခါကြုံဘူးတယ်။ အမျိုးသမီးတယောက် မောင်းသွားတာ၊ ကျွမ်းသလားမမေးနဲ့။ လမ်းသွယ်ကနေ လမ်းမကြီးကို ထွက်လာတာ၊ အရှိန်တောင် မလျော့ဘူး။ F1 ပြိုင်ပွဲဝင်လားမှတ်ရတယ်။ တခုပဲရှိတယ်။ လမ်းမကြီးက လာနေတဲ့ကားတွေအားလုံးကတော့ ဘရိတ်ကောင်း၊ မကောင်းနဲနဲလေး စမ်းသပ်လိုက်ရတာပေါ့။ အားလုံးလိုလို ဘရိတ်ကောင်းကြပါတယ်။ နို့မို့ ဘယ်နှစ်စီးလောက် ကျွမ်းပစ်ကုန်ကြမလဲမသိဘူး။

အမျိုးသမီးဒရိုင်ဘာတွေက ကားမောင်းတဲ့နေရာမှတင် အဆင်မပြေတာမဟုတ်ဘူးဗျ။ ကားနဲ့ကို အကျိုးမပေးတာလား မသိဘူး။ အမျိုးသမီးတယောက် ပါကင်လော့မှာ ကိုယ့်ကားထဲ ကိုယ်ပိတ်မိနေသတဲ့။ ကားက ပါဝါတွေအလုပ်မလုပ်တော့ဘူးတဲ့။ ဒါနဲ့ နိုင်ငံခြားမှာဆိုတော့ ထုံးစံအတိုင်း ၉၁၁ ပေါ့ဗျာ။ အဲ့ဒီ အမျိုးသမီးကို အင်မာဂျင်စီဌာနကလူတွေ ဘယ်လို သက်စွန့်ဆံဖျား ကယ်တင်လိုက်ရတယ်ဆိုတာ သိချင်သလား။ ဘလော့ဂ်အောက်ဆုံးက ပလေယာမှ နားဆင်ကြည့်။ နားထောင်ပြီးရင် ကလူသစ်ရေးထားတာကိုတော့ အဆိုးမဆိုလေနဲ့တော့။

(picture from google)

24 မှတ်ချက်:

သီဟသစ် said... [Reply to comment]

ကလူသစ်ရေ
အမျိုးသမီး ဒရိုင်ဘာတွေ အကြောင်းဖတ်သွားတယ်။
ကျွန်တော်တော့ ကားမောင်းတာ အမျိုးသမီးဆိုရင် လမ်းမကူးရဲဘူး။ ကားဖြစ်ပြီးမှ ကူးရဲတယ်။

player ထဲကဟာလည်း နားထောင်ပြီးပြီ။

Anonymous said... [Reply to comment]

အမယ်..ပိုးစီုးပက်စက်သေတာတွေ ကြည့်လိုက်ရင် ယောက်ကျားဒရိုင်ဘာတွေ မောင်းတဲ့ကားပါနော်။ မိန်းမ မောင်းတာတွေက ကို့ရို့ကားယားပဲဖြစ်တာ။ မူးပြီးမောင်းတာ၊ အရှီန်လွန်တာ..သူတို့သူတို့။
မမောင်းချင်ပေါင်.. မဖြစ်လို့မောင်းရတာ။ လမ်းမှာ တွေ့လို့တော့ ကလူသစ်ကို ကားကြုံမတင်ဘူးမှတ်။ ဒါပဲ
မမွန်

တောရိုင်းနှင်းဆီ said... [Reply to comment]

ပလေယာမှာ နားထောင်ကြည့်တော့ ဒီလိုမျိုးတွေလဲရှိသေးလား လို့ မှတ်ချက်ချသွားပါတယ် ...

အမျိုးသမီးပရိတ်သတ် ပို့သတဲ့မေတ္တာခံယူမယ်ဆိုလို့
တစ်ယောက်ကတော့ မေတ္တာပို့သွားပြီ ...............း

နောက်ပိုင်းအမြဲဝင်ဖတ်နိုင်အောင် လင့်ခ် ယူသွားပါတယ် ကလူသစ်ခင်ဗျား .................

phyaw moe said... [Reply to comment]

ဟင်း... တင်ပေးထားတဲ့ ပုံလေး သဘောကျလိုက်တာ။
တလောကတော့ metacafe က အမျိုးသမီးကားမောင်း သူတွေအကြောင်း ကြည့်လိုက်ရသေးတယ်။

Taungoo said... [Reply to comment]

ကိုလူသစ်က အတွေ့အကြုံတော်တော်များတာပဲး)

ဆောင်းယွန်းလ said... [Reply to comment]

စတီယာရင်ပေါ်မှာ ဘယ်ကောင်မလေးရဲ့ နှုတ်ခမ်းနီတွေပေနေတာလဲလို့ ကလူသစ်ရဲ့မဟေသီကမမေးဘူးလားဗျ

ဖုန်းမြင့် said... [Reply to comment]
This post has been removed by the author.
ဖုန်းမြင့် said... [Reply to comment]
This post has been removed by the author.
ဖုန်းမြင့် said... [Reply to comment]

ဘာမှ မဟုတ်ပါဘူးဗျာ..သူ့မိန်းမကို ကားမောင်း ပို့ရတာ များလို့ အသံထွက်လာတာ...း)

သက်ဝေ said... [Reply to comment]
This post has been removed by the author.
သက်ဝေ said... [Reply to comment]

အမျိုးသမီး ကားမောင်းသူများ လို့ သိမ်းကြုံးပြီးပြောတာတော့ ကလူသစ်လွန်တာပေါ့...
ကျွမ်းကျင်အဆင့် ၁ တွေလဲ အများကြီးပါလေ...လမ်းမှာ တွေ့လို့ကတော့ ကလူသစ်ကားရှေ့က ပိတ်ကို မောင်းပြအုံးမယ်...။ နီးလာမှ ဘရိတ်ဆောင့်အုပ်မယ်...။ မှတ်ကရော....

ကြည့်ရတာ ဒီပိတ်ရက် ၃ ရက်မှာ အိမ်မှာ ဟင်းကောင်းကောင်းမစားချင်ဘူးနဲ့တူတယ်...။
ညီမလေးရေ... ဒီလောက်တောင် အမျိုးသမီးထုကြီးကို မုန်းတီးနေတဲ့သူ... ပစ်ထားလိုက်စမ်းပါ... ဟင်းချက်မကျွေးနဲ့... (ကြား ၃ ကြား ဝင်မိပြန်ပြီ)

မေ့သမီး said... [Reply to comment]

အဟမ်း အဟမ်း။ စိုက်ကြည့်ရင်အလိုက်သိ။ ဆက်ပြောရင် လက်သဘောတွေပါကုန်မယ်။ :P

Sai Laung Main Thet said... [Reply to comment]

မှတ်သွားပါတယ် ကလူသစ်
ခင်မင်မှုဖြင့်
စိုင်းလောင်မိန်းသက်

ကိုရင်နော်ခင်လေးငယ် said... [Reply to comment]

ကလူသစ်ရေ..
ဖတ်သွားပါတယ်..း)

ကလူသစ် said... [Reply to comment]

အားလုံး မင်လာပါဗျိုး။ ပျော်ရွှင်စရာ မင်္ဂလာနှစ်သစ်ဖြစ်ကြပါစေဗျား။

သီဟသစ်ရေ..... ကလူသစ်ကတော့ အဲ့လောက်မဆိုးပါဘူး။ သူတို့ကို စတီယာရင်နောက်မှာတွေ့လိုက်ရရင် ကျောမလုံဘူးဖြစ်ဖြစ်နေတာပါပဲ :)

မမွန်၊ မသက်ဝေ၊ မေ့သမီး...... ပို့သသောမေတ္တာကြောင့် ကျမ်းမာရွှင်လန်းရပါကြောင်း

တောရိုင်းနှင်းဆီရေ.... ခုမှ လူက နဲနဲသွက်သွက်လက်လက်ဖြစ်သွားတာ။ သိတယ်မှတ်လား။ မြို့မေတ္တာခံယူရရင် ကျမ်းမာရေးကောင်းတယ်လေ။

phyaw moe... google ထဲရှာလိုက်တာ။ တန်းထွက်လာတာပဲ။ အမျိုးသမီးဒရိုင်ဘာတွေ အကြောင်း ရေးထားတာတွေလဲ စုံနေတာပဲ။ :)

taungoo..... နေ့တိုင်းတွေ့နေရတာလေ။ မတတ်နိုင်ဘူး :(

ကိုဆောင်းယွန်းလ၊ ကိုဖုန်းမြင့်..... ကားလဲမရှိပါဘူးဗျာ။ လမ်းမပေါ်မှာ တွေ့နေရလို့ ကျမ်းမာရေးကောင်းအောင် ရေးလိုက်တာပါ။

မင်လာပါ။ sai laung main thet နဲ့ ကိုရင်နော်ခင်လေးငယ်

Heartmuseum said... [Reply to comment]

ဟီးးးးးးးး အကြွင်းမဲ့ ထောက်ခံပါသည် ခင်ဗျား.....:D
လစ်ပြီ။ တော်ကြာ စက်ကွင်းမလွတ်လို့ အတိုက်ခံရရင် ဒွတ်ခ.............

Nu Thwe said... [Reply to comment]

စတီယာရင်ပေါ်မှာ နှုတ်ခမ်းနီ ပေရခြင်းက မီးပွိုင့်မှာ ခဏရပ်တုံး ပေါင်ဒါပုတ်၊ နှုတ်ခမ်းနီဆိုးတာ ဗြုံးဆို မီးစိမ်းသွားတော့ နှုတ်ခမ်းနီတောင့် လွတ်ကျပြီး စတီယာရင်မှာ ပေသွားလို့.....ဟဲဟဲ။
လုပ်နေကျတွေကို မနေနိုင် မထိုင်နိုင် ရှင်းပြသွားပါတယ်။ ကျွမ်းကျင်အဆင့် မရောက်သေးတဲ့ ညီမလေးများတော့ စိတ်တောင် မကူးပါလေနဲ့။ အန္တရာယ် ကြီးတယ် (နောက်တာ မဟုတ်ဘူး)

khin oo may said... [Reply to comment]

ဖတ်သွားတယ။် နားထောင်တယ်။ နားမလည်ဘူး။ မှန်တာတော့မှန်တယ်။

khin oo may said... [Reply to comment]

အမြဲလာဖတ်ပါတယ်။

ဒူကဘာ said... [Reply to comment]

ကလူသစ် အဆိုကို ထောက်ခံပါတယ် ( ဒီတခါပဲနော် ) အမျိုးသမီးတွေ ကားမောင်း ဒီလိုပဲ ..သူများ ...မပြောပါဖူး လေဒီ ဒူကဘာ လဲဒီလိုပဲ သူမောင်းရင် သောက်ရမ်း .. Lane လုပြီး ခေါင်းကြီး ထိုးထည့်တာတို့ ပုလိပ်အလစ် ခိုးမောင်းတာတို့ လုပ်ပြီး၊ ဒူကဘာ မောင်းတာ စီးပြီဆို ယာဉ်စည်းကမ်းက ဘယ်လို ဘယ်ချမ်းသာ ရွတ်ပြ၊ အခုဆို မူးပြီး မောင်းရင် အလုပ် မပျက်အောင် Rule အသစ် Jail weekend ပါသွားနေရမယ်၊ ကျမတို့ မိန်းမသားတွေက များသောအားဖြင့် သောက်တာ မဟုတ်ဖူးတို့ ....ဘာညာ..ဘာညာ ဘာသော... ညာသောပေါ့ ...ရေးတာ ရေးရတာ ဒီဘလောက်တော့ မလာလောက်ဖူး ထင်တာပဲ။ လစ်ပြီ။

လူလ said... [Reply to comment]

နှစ်သစ်တွင် ရွှင်လန်းချမ်းမြေ့ပါစေ...

ကလူသစ် said... [Reply to comment]

အားလုံး မင်လာပါ။

HM..... ထောက်ခံပါတယ် အရမ်းအရမ်း မအော်ရဘူးလေ။ ကောင်လေးနှဲ့ အမှတ်ကို မရှိဘူး။

Nu Thwe.... ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ပေါ့။ ဟုတ်စ

အန်တီKOM.... ကားအများစုက ပါဝါမလာလဲ တံခါးဖွင့်တဲ့ လက်ကိုင်ခလုပ်ရှိတယ်လေ။ အဲ့တာကို လှမ်းဖွင့်ခိုင်းတာပါ။

ကိုဒူကဘာ..... သိတ်ကြောက်နေရင်လဲ anonymous နဲ့ရေးသွားပါလား။ တော်ကြာ လာဖတ်မိနေရင် ဒုက္ခ။

ကိုလူလ..... မင်လာပါဗျို့

ခရေဖြူ said... [Reply to comment]

2009 ကုန်ရင် ကားမောင်:သွားသင်မယ်၊ ပြီ:ရင် ကလူသစ်နဲ့လာပြိုင်မယ်၊ အမျိုးသမီးတွေလို့ သိမ်:ကျုံးမပြောပါနဲ့၊ အသက်ကြီးတဲ့ မိန်:မတွေက ပိုကြောက်တတ်တယ် ပြောတာပဲ < ကိုယ်ကပဲ သိတ်ငယ်နေ သလိုလို ဟီး>

ဆောင်း said... [Reply to comment]

ဒါဆို ကလူသစ် သမီးလေး မောင်းတဲ့ကားနဲ့  ကလူသစ်နဲ့ ပြိုင်မောင်းခိုင်းမယ

 
Design by Pocket Blogger Templates