အရင်အပတ်တုန်းက အကြောင်းမညီညွတ်လို့ ဘောင်းဘီချွတ်ပြီး (မှတ်ချက်။ ။ပုဆိုးပါသည်) မွေးရပ်မြေကို ခဏပြန်သွားခဲ့တယ်။ အခန်းကျဉ်းလေးတခုထဲမှာပဲ အချိန်တော်တော်များများကို ကုန်ဆုံးစေခဲ့ရပေမဲ့ ကံအကြောင်းလှစွာပဲ သာယာလှတဲ့ အင်းလေးရေကန်ကြီးကိုလဲ ရောက်ခဲ့တယ်။ ဘယ်မှာရေခန်းလို့တုန်း။ မင်းနေပြည်တော်ကြီးက အကောင်ဘလောင်တွေထားတဲ့ ဇူးအသစ်ကြီးကိုလဲ ရောက်ခဲ့တယ်။ ပင်ဂွန်းလေးတွေများ အဲကွန်းနဲ့။ တယ်ကံကောင်းသကိုး။ ပြောင်လက်တောက်ပလင်းထိန်နေတဲ့ ရှော့ပင်းပလာဇာကြီးတွေကိုလဲ ရောက်ခဲ့တယ်။ ရောင်းကြ၀ယ်ကြနဲ့ စည်ကားပါ့ဗျာ။ ဒါနဲ့ပဲ အလကားနေ အလကား တိုင်းပြည်အတွက် ကျရာတာဝန်ထမ်းအုန်းမှလို့ စိတ်ကူးပြီး အဘဗိုလ်သခင်ဆရာဦးကျော်ဆန်းဆီကို ပရိုပိုဆယ်တခု ကောက်တင်လာခဲ့တယ်။
ပြည်ပမှာနေပြီး “မြန်မာပြည်ကြီးသုံးစားလို့မရတော့အောင် ပျက်စီးနေပါပြီ” “တခြားနိုင်ငံတွေနဲ့စာရင် ခေတ်နောက်ကျကျန်နေပါပြီ” အစရှိသဖြင့် မျက်စိမှိတ်အော်နေတဲ့သူတွေ အမြင်မှန်ရသွားအောင် လုပ်ပေးပါမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ပေါ့။ ခေါင်းစဉ်ကသာ နဲနဲရှည်တာ လုပ်ငန်းစဉ်က ရိုးရိုးလေးပါ။ ပြည်ပကအော်နေတဲ့ကောင်တွေအတွက် တီဗွီနဲ့ myanmar international channel ကြည့်ဖို့ ဂြိုလ်တုစလောင်းဖုံး တယောက်တစုံဝယ်ပေးလိုက်ဖို့ပါပဲ။ ဒါဆို နှစ်ဦးနှစ်ဖက်အဆင်ပြေသွားမယ်လေ။ ကလူသစ်ကတော့ လုပ်အားစိုက်ရမှာပေါ့။ ရပါတယ်၊ တိုင်းပြည်အတွက်ပဲဟာ။ သွားစရိတ်လာစရိတ်လေးနဲနဲတော့ ယူမိချင်ယူမိမှာပေါ့။ စာရင်းထပ်မတင်ပါဘူး။ ၄၀လက်မတီဗွီစာရင်းတင်ပြီး ၁၄လက်မ ၀ယ်ပေးလိုက်မယ်လေ။ ၄၀လက်မဆိုတာ တီဗွီရဲ့ အလျား ၂ဖက်နဲ့ အနံ၂ဖက် ပတ်ချာလည်တိုင်းရတာလို့ ပြောလိုက်ရုံပဲ။ မျက်လုံးကြီး ပြူးမကြည့်နဲ့။ ပရိုပိုဆယ်တင်ပြီး ပင်ပင်ပန်းပန်းလုပ်ပေးတာဆိုလို့ ကလူသစ်ပဲရှိတယ်။
ဒီလိုစိမ်းလန်းသာယာစိုပြေနေတာတင် ဘယ်ကမလဲ။ နည်းပညာတွေကလဲ တိုးတက်ပ။ တိုးတက်လှပါတယ်ဆိုတဲ့နိုင်ငံတွေမှာတောင် ရှိမယ်မထင်ဘူး။ ဓာတ်လှေခါးတွေဆိုရင် voice recognition နည်းပညာကိုသုံးတာ။ ဘယ်ခလုပ်မှ လက်ညောင်းခံနှိပ်နေစရာမလိုဘူး။ “ ၈ထပ်သွားမယ် ညီလေးရေ” ဆိုရင် ပြီးပြီ။ တန်းရောက်သွားတာပဲ။ ဌာနဆိုင်ရာတွေ၊ စီးပွားရေးလုပ်ငန်းကြီးတွေ၊ လုပ်ငန်းလုပ်ချင်တဲ့သူတွေဆီမှာတော့ face recognition နည်းပညာကိုသုံးတယ်။ ဒီနည်းပညာက နဲနဲနက်နဲတော့ သိတ်မနီးစပ်တဲ့သူတွေ နားရှုပ်ကုန်မှာစိုးလို့ အသေးစိတ်မပြောတော့ပါဘူး။
ဒါတင်ပဲလား။ ဘယ်ဟုတ်အုန်းမလဲ။ ပြည်သူတွေရဲ့ ကျမ်းမာရေးဆိုင်ရာ အသိပညာတွေကလဲ တရိပ်ရိပ်ကို တိုးတက်နေတာ။ “သက္ကရာဇ် ၂၀၀၀မှာ၊ အားလုံးကျမ်းမာ” ဆိုပြီး ကြိုးစားခဲ့ကြလို့ ထင်ပါရဲ့။ တခါသား ၀န်ထမ်းကောင်မလေးတွေ နေ့လည်စာစားဖို့ အသွားမှာ အနီးကပ်လေ့လာခဲ့တာ။ ကောင်မလေးတွေကို မဟုတ်ပါဘူး။ သူတို့အချင်းချင်းပြောနေတာ မသိမသာလေ့လာခဲ့တာ။ သူတို့အားလုံးရဲ့ ထမင်းဘူးထဲက နေ့လည်စာက ငါးပိချက်တဲ့။ အာဟာရဓာတ်နဲ့ ပြည့်စုံတဲ့ ငါးကို ဒီလိုစားသုံးရမှန်းသိလာတာကကို တိုးတက်လာတဲ့သဘော။ ၀က်သားတို့၊ ၀က်ဆီတို့ဆိုရင် လူအတွက် ဘယ်လောက် အန္တရာယ်များသလဲ။ အရင်ကဆို “ခေတ်မှီသူတိုင်း ပင်လယ်ငါးစားကြသည်” ဆိုပြီး ဆောင်ပုဒ်တွေဘာတွေနဲ့ အတင်းတိုက်တွန်းနေရတာ။ “ခေါင်းတရာသားကို စားပါ” ဆိုတဲ့ ရှေးထုံးနဲ့လဲ ညီတာပေါ့။ ဒီလိုကျမ်းမာရေးနဲ့ ညီညွှတ်အောင် စားသောက်နေထိုင်တော့ မစည်ကားတဲ့အရပ်မှာလဲ လူမစည်တော့ဘူးပေါ့။ ဆေးရုံ၊ သုဿာန်၊ တရားရုံး၊ ထောင်၊ ကြံ့ဖွတ်ပါတီရုံး ဆိုတာ စည်ကားအပ်တဲ့နေရာတွေ မဟုတ်ဘူးလေ။
ရုပ်ပိုင်းဆိုင်ရာတင်မကဘူး။ စိတ်ပိုင်းဆိုင်ရာပါ တိုးတက်ပြောင်းလဲနေတာ။ လေ့လာမိခဲ့တဲ့ ဇာတ်လမ်းအတိုချုပ်ကိုပြောရရင်တော့ ကောင်လေးတယောက်၊ ကောင်မလေးတယောက်နဲ့ တုန်တုန်ချိချိအဖိုးကြီးတယောက် ရေအိမ်သွားဖို့ အစဉ်လိုက်တန်းစီစောင့်နေကြတယ်။ ရှေ့ဆုံးက ကောင်လေးက နောက်က အဖိုးကြီးကို “အဘိုး၊ အရင်သွား” လို့ပြောပြီး လမ်းဖယ်ပေးတယ်။ အဖိုးကြီးက တုန်တုန်ချိချိဆိုတော့ ရှေ့ကိုသွားဖို့ အားယူနေတုန်း ကောင်မလေးက “သမီး၊ အရင်သွားမယ်” ဆိုပြီး ရှေ့ဆုံးကို ကျော်တက်လိုက်တယ်။ အန္တရာယ်ကို မလွယ်နိုင်လို့ဆိုရင်တော့ ဒါဟာ သာမာန်ကိစ္စလေးတခုပဲပေါ့။ ခုတော့ ကျော်တက်ပြီးချိန်မှာ ရေအိမ်ထဲကလူက ထွက်မလာသေးတော့ ကောင်မလေးက ၅မိနစ်လောက် သက်တောင့်သက်သာစောင့်နေသေးတယ်။ ဆိုတော့ ဒါဟာ သာမာန်ကိစ္စမဟုတ်တော့ဘူး။ “လွတ်လပ်စွာ သဘောကွဲလွဲခွင့်” ဘောင်ထဲကို ၀င်နေတယ်။ စည်းကမ်းရှိသော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ထောင်ဖို့ တိုင်းသူပြည်သားတွေကို ဒီမိုကရေစီအလေ့အကျင့်တွေ စနစ်တကျပျိုးထောင်ပေးထားတာ အောင်မြင်နေတဲ့သဘောပေါ့။
တခါတလေလဲ ပေါ်လီယာနာ့မျက်မှန်လေး ငှားတပ်ထားတော့ နှလုံးအေးတာပေါ့။